ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
ကျောက်ဖြူမြို့နယ်ရှိ လက်လွှတ်လိုက်ရသည့် နယ်မြေများကို ပြန်လည် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။
သိုင်းချောင်းကျးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ယမန်နေ့ ဇန်နဝါရီ ၁၉ရက်တွင် AAကကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့မှ သေဆုံးမှုများပြားခဲ့ခြင်းဖြစ်သည်။
”လက်နက်တွေပါရလိုက်တယ်လို့သိရပါတယ်။ စစ်တွေနဲ့ ရန်ကုန်က အင်အားတွေ ရေတပ်ထဲကို ပို့ထားတယ်ပြောတယ်။ အဲဒီ့ထုတ်နှုတ်တပ်တွေ စစ်ကြောင်းထွက်ထိုးနေပုံရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းမှာ သိုင်းချောင်း ပတ်ဝန်းကျင်တွင် တိုက်ခိုက်ခံရပြီး ၁၀ဦးကျော်သေဆုံးကာ လက်နက်ခဲယမ်းများပါဆုံးရှုံးသွားကြောင်း သိရသည်။
သိုင်းချောင်း၊မင်းပြင်နှင့် လမ်းကွဲအနီးတို့တွင် စစ်ကော်မရှင်နှင့် AAတို့တိုက်ပွဲပြင်းထန်နေပြီး သိုင်းချောင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်များ ကစဉ့်ကလျား ဆုတ်ပြေးပြီးနောက် ကျောက်ခလေရွာကို ဒရုန်းနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်အတွင်း ဆုံးရှုံးနေရာများပြန်ရရန်နှင့် စစ်ရေးအရ အချက်အချာကျသော သိုင်းချောင်းဒေသကို စိုးမိုးနိုင်ရန် သစ်ပုတ်တောင်ရေတပ်ဌာနချုပ်နှင့် အမှတ်၃၂ရဲတပ်ရင်းတို့မှနေ၍ စစ်ကြောင်းများ စေလွှတ်လျက်ရှိသည်။
အဆိုပါ စစ်ကြောင်းများမှာ ရည်ရွယ်ရာ နယ်မြေများကို မရောက်နိုင်ဘဲ AA၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံရပြီး တပ်ပျက်ထွက်ပြေးနေကြရကြောင်း သိရသည်။