ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
မန္တလေးမြို့တွင် စစ်ကော်မရှင်ထောက်ခံသူများ၊ မဘသအဖွဲ့ဝင်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များ ဦးဆောင်ကာ ဂမ်ဘီယာနိုင်ငံအား ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါပွဲကို လာမည့် ဇန်နဝါရီ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီတွင် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ လေယာဉ်ကွင်းဟောင်း၌ ပြုလုပ်မည်ဖြစ်ပြီး ICJ တွင် သွားရောက်ဖြေရှင်းနေသည့် စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံရန်နှင့် ဂမ်ဘီယာကို ကန့်ကွက်ရန်ဖြစ်ကြောင်း ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည်။
အဆိုပါ ဆန္ဒပြပွဲများကို မန္တလေးအပြင် ရန်ကုန်နှင့် အခြားမြို့ကြီးအချို့တွင်ပါ လူအင်အား ၁,၀၀၀ ခန့်စီဖြင့် ပြုလုပ်သွားရန် မဘသအဖွဲ့ဝင်များက စီစဉ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်တွင် စတင်ခဲ့သည့် ICJ ကြားနာမှု၌ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာရွာများကို စနစ်တကျ မီးရှို့ခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို စစ်တပ်က ကျူးလွန်ခဲ့ကြောင်း ဂမ်ဘီယာဘက်က သက်သေများနှင့်တကွ တင်ပြခဲ့သည်။
ထို့ပြင် ဗုဒ္ဓဘာသာ ဘုန်းကြီးအချို့၏ အမုန်းစကားများကလည်း လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ် ချက်ကို တွန်းအားပေးခဲ့သည်ဟု ဆိုထားသည်။
ဂမ်ဘီယာ၏ စွပ်စွဲချက်အပေါ် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းထားသည့် ပေါက်ကိုယ်တော် (ခ) ဦးဝါသဝ ဦးဆောင်သည့် အဖွဲ့ကလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့က ဂမ်ဘီယာ၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိဘဲ နိုင်ငံရေးအရ ဖန်တီးထားသည့် စကားပြောပွဲသာဖြစ်သည်ဟု ဆိုကြသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် ARSA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများကို ကာကွယ်ခြင်းသာဖြစ်ကြောင်း စစ်ကော်မရှင်နှင့် ၎င်းတို့အား ထောက်ခံသူများက တုံ့ပြန်ပြောဆိုထားသည်။
စစ်ကော်မရှင် ကိုယ်စားလှယ် ဦးကိုကိုလှိုင်ကလည်း ICJ တွင် ဂမ်ဘီယာ၏ စွပ်စွဲချက်များသည် မတိကျသော အချက်အလက်များပေါ် အခြေခံထားသည့် ကြိုတင်ဇာတ်လမ်းဆင်မှုသာ ဖြစ်ကြောင်းနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း သေဆုံးမှုများကို လူမျိုးသုဉ်းမှုဟု မှတ်ယူ၍မရကြောင်း လျှောက်လဲချက် တင်ထားသည်။
ပုံစာ-မန္တလေးမြိုပေါ်ရှိ တပ်ထောက်ခံဆန္ဒပြပွဲတွင် တွေ့ရသူ အချို့(ပုံဟောင်း)