ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အထိုင်ချထားသည့် စစ်စခန်းနှင့် တပ်ရင်းများမှ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ အစုလိုက်ထွက်ပြေးနေကြောင်း သိရသည်။
မြိုတော်စစ်တွေရှိ စစ်စခန်းများမှနေ၍ ယခု ဇန်နဝါရီလဆန်းပိုင်းမှစကာ ဇန်နဝါရီ ၁၄ရက် အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော်သည် လက်နက်များစွန့်ပစ်ကာ ထွက်ပြေးကြကြောင်း ဒေသတွင်း သတင်းများမှသိရသည်။
“စစ်တွေမှာအခုဆို ဒုက္ခသည်စခန်းတွေက ခေါ်ထုတ်ပြီး စစ်သင်တန်းပေးထားတဲ့သူတွေကိုပါ လုံခြုံ ရေးယူခိုင်းထားတယ်။ အစုလိုက်ထွက်ပြေးမှုတွေရှိတယ်ဆိုတာဟုတ်ပါတယ်” ဟု စစ်တွေသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ရက်ကလည်း စစ်တွေမြို့လုံခြုံရေးနှင့် အထူးတိုက်ခိုက်ရေးအတွက် တပ်ရင်း များမှထုတ်နှုတ်လေ့ကျင့်ပေးထားသည့် ကွန်မန်ဒို အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ခုနစ် ဦး ထွက်ပြေး ကြကြောင်း သိရသည်။
ထို့အတူ အုန်းတောကြီးစခန်းနှင့် ခလရ ၂၇၀ တို့မှနေ၍လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ အစုလိုက် ထွက်ပြေးခဲ့ကြသည်။
အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က စစ်တွေမြို့၊ ကံ့ကော်ကျွန်းရှိ ကာကင်း စခန်း နှစ်ခုကို သိမ်းယူခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ကျော်ကိုပါ ဖမ်းဆီးနိုင်ခဲ့ကာ တိုက်ပွဲ ဆက်လက် ပြင်းထန်ခဲ့သည်။
AA သည် စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အတွင်းကိုလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေခဲ့ပြီး အမြင့်ကျွန်း၊ တောကန်၊ ပါဒလိတ်၊ ဝါဘိုစသည့်ကျေးရွာများရှိ စစ်စခန်းများကိုလည်း တပြိုင်နက် တိုက်ခိုက်ထားသည်။
စစ်ကော်မရှင်က စစ်တွေမြို့လုံခြုံရေးအတွက် အင်အားတိုးချဲ့ ဖြည့်တင်းထားရသည့်အပြင် တပ်အင်အားပြုန်းတီးနေသည့် ကျောက်ဖြူကိုပါ စစ်တွေမှ စစ်ကူများပို့ဆောင်နေရသည့်အတွက် တပ် သားများ အစုလိုက်ထွက်ပြေးကြခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ- ပုံ-၁ ဒုက္ခသည်စခန်းများမှ ခေါ်ယူ၍ စစ်သင်တန်းပေးထားသည့် မွတ်ဆလင်လူငယ်များကို ၂၀၂၄ ခုနှစ်က တွေ့ရစဉ်။
ပုံ-၂ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)