ဧရာ၀တီတိုင်းမ်
(အုတ်တွင်း)၊ဇန်နဝါရီ၁၉ရက်

 

စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၃) အတွင်း တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နေကြကြောင်း သိရသည်။

 

တရားမဝင်ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရန် ကျန်ရှိနေသော အုတ်တွင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ ဘိုကုန်း၊ ရွှေလောင်း၊ ကြက်တက်ညောင်ပင် စသည့် ကျေးရွာများမှ ဒေသခံများသည် ဇန်နဝါရီ ၂၅ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

“ရွာထဲမှာ လူမရှိတော့ဘူး။ ဘေးလွတ်ရာကို ကြိုတင်ပြီး ပြောင်းရွှေ့ကုန်ကြပြီ။ အိမ်စောင့်လောက်ပဲ ကျန်ခဲ့တယ်” ဟု ဘိုကုန်းရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်တပ်က ရွာသားများကို ပြောင်းရွှေ့ခြင်းမပြုရန် ဖိအားပေးထားသည့်အပြင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကိုပါ ပိတ်ပင်ထားကြောင်း သိရသည်။ အဆိုပါ ကျေးရွာများသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၄ အနောက်ဘက်ဝန်းကျင်တွင် ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ လှုပ်ရှားရာ နယ်မြေများ ဖြစ်သည်။

 

“ပထမတစ်ကြိမ် တိုက်ပွဲတွေဖြစ်တော့ ပိတ်မိသွားခဲ့ဖူးတယ်။ ဒီတစ်ခါတော့ တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုရှောင်တာ။ ၂၂ ရက်နေ့ စစ်သားတွေ ထပ်ချထားမယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်လာရင် ဘယ်မှ ပြေးမရဘဲ အသေခံရမှာမို့လို့ ကြိုရှောင်လာတာပါ” ဟု တိုက်ပွဲရှောင်ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကော်မရှင်သည် လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် PDF များ စိုးမိုးထားသည့် နယ်မြေများအတွင်း ရွေးကောက်ပွဲ ဝင်ရောက်ကျင်းပရန် စီစဉ်နေသဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို ပြည်သူများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း တောင်ငူခရိုင်၊ ထန်းတပင်မြို့၌ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရသဖြင့် ခရိုင်အဆင့် အရာရှိတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့သည်။

 

ပဲခူးတိုင်းအတွင်းရှိ အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီး၊ ကျောက်တံခါး၊ သဲကုန်း၊ ဝေါ၊ ကြို့ပင်ကောက်နှင့် အုတ်ဖို မြို့နယ်တို့တွင် အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၃) ကို ဆက်လက်ကျင်းပရန် ကျန်ရှိနေကြောင်း သိရသည်။

 

ဓာတ်ပုံ-CJ