ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်

တီမောလက်စ်တေနိုင်ငံသည် စစ်ကော်မရှင်ကို ခုခံတော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)တို့နှင့် ထိတွေ့ဆက်ဆံနေခြင်းကြောင့် အဆိုပါ ကိစ္စရပ်အပေါ် ဖြေရှင်းချက်ပေးရန် သတိပေး တောင်းဆိုကြောင်း စစ်ကော်မရှင်က ထပ်မံ ထုတ်ပြန်လိုက်သည်။

အာဆီယံအဖွဲ့ဝင် တီမောလက်စ်တေသမ္မတ မစ္စတာဟိုဆေးရာမို့စ်ဟော်တာသည် ယခုရက်ပိုင်းအတွင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)နှင့် တွေ့ဆုံဆွေးနွေးခဲ့သဖြင့် တီမောသံရုံးယာယီတာဝန်ခံကို ခေါ်ယူသတိပေးပြီးနောက် ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်တွင် စစ်ကော်မရှင်က ထုတ်ပြန်လာခြင်း ဖြစ်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများဖြင့် စစ်ကော်မရှင်ကို အရေးယူပေးရန် တီမောတရားရုံးတွင် တရားစွဲဆို တိုင်ကြားခဲ့ပြီး ယင်းနိုင်ငံ သမ္မတက လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသတွင်း တရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး ဆွေးနွေးခဲ့သည့် သတင်းကို တီမောလက်စ်တေ သမ္မတရုံး၏ website တွင် တရားဝင် ထုတ်ပြန်ထားသကဲ့သို့ ဒီလီမြို့တွင် ကျင်းပသောအစိုးရအဖွဲ့၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့လည်း NUG ကို ဖိတ်ကြားခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စစ်ကော်မရှင်၏ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်သည် မြန်မာနိုင်ငံဆိုင်ရာ တီမော လက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံကို ဇန်နဝါရီ ၁၆ ရက်တွင် နေပြည်တော်သို့ ဆင့်ခေါ်၍ အာဆီယံ ပဋိညာဉ်ပါ အခြေခံမူများကို ချိုးဖောက်ကာ အခြားနိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက် နေကြောင်း ပြောကြားခဲ့သည်။

တီမောအနေဖြင့် ထို့သို့ စွက်ဖက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖြေရှင်းပြန်ကြားပေးရန် တောင်းဆိုသည်ဟု စစ်ကော်မရှင် လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးယာယီတာဝန်ခံမှ တစ်ဆင့် အစိုးရအဖွဲ့ကို သတိထောက်လွှာ ပေးအပ်ခဲ့သည်။

တီမောလက်စ်တေနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်၌ ကျင်းပသော ၎င်းတို့အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့ကို ဖိတ် ကြားခဲ့ပြီး သမ္မတ မစ္စတာဟိုဆေးရာမို့စ်ဟော်တာက လက်ခံတွေ့ဆုံခဲ့သည်။

ထိုကဲ့သို့ ၎င်းတို့အား ခုခံတော်လှန်နေသည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံနေမှုသည် နိုင်ငံ တကာကျင့်ဝတ် ဖောက်ဖျက်ခြင်းဖြစ်၍ မြန်မာပြည်ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅ ရက်၌ ဆင့်ခေါ်ကန့်ကွက်ပြီးနောက် မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့သည်။

တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများနှင့်အညီ အခြားနိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု အကြိမ်ကြိမ်ကတိပြုခဲ့သော်လည်း CHRO နှင့် တွေ့ဆုံမှုသည် မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ဖက်ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-တီမော