ဧရာ၀တီတိုင်းမ်
(တောင်ငူ) ဇန်နဝါရီ ၁၉ ရက်

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တွဲကားတစ်စီးနှင့် ဆီဘောက်ဆာကားတစ်စီး မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။

 

ယနေ့ နံနက် ၂ နာရီ ၅၀ မိနစ်ခန့်က အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာနှင့် ညောင်လွင့် ကျေးရွာအကြား၊ မိုင်တိုင်အမှတ် ၁၃၄/၇ နှင့် ၁၃၅/၀ အကြားတွင် အဆိုပါကားနှစ်စီး မီးလောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး နံနက် ၄ နာရီခန့်တွင်မှ မီးငြိမ်းသတ်နိုင်ခဲ့သည်။

“ကားသမားတွေ ပျောက်နေတယ်။ တိုက်ပွဲဖြစ်သံလည်း မကြားရဘူး။ မီးရှို့ခံရတဲ့ကားတွေက ဘယ်ကလဲဆိုတာ မေးလို့မရဘူး။ ဆီဘောက်ဆာ အသိုင်းအဝိုင်းကလည်း မသိကြဘူး။ ဌာနဆိုင်ရာတွေကို မေးကြည့်တော့လည်း မဖြေကြဘူး။ တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ” ဟု ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ထိုသို့ မီးလောင်မှုဖြစ်ပွားပြီး ၃၀ မိနစ်ခန့်အကြာတွင် စစ်ကော်မရှင်တပ်သားများ ရောက်ရှိလာပြီး သေနတ်လေးချက် ပစ်ဖောက်ခဲ့သည်။ ထို့နောက် နေ့လယ်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ် နှစ်စင်းတွဲ့သည် တစ်နေကုန်နီးပါး ပျံသန်းဝဲနေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မျက်နှာချင်းဆိုင်ကား နှစ်စီး မီးလောင်းပြီး ကားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သောကြောင့် ခေတ္တ လမ်းပိတ်ခဲ့ပြီး နံနက် ၇ နာရီ ၄၅ မိနစ်တွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက လမ်းပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အထွက် စည်ပင်သာကျေးရွာအနီးတွင် ကုန်တင်ကား နှစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ-CJ