ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဇန်နဝါရီ ၁၉ ရက်
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများ အနက် အရာရှိတစ်ဦးကို ထိုင်း-ကရင်နီနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူမှာ မြန်မာစစ်တပ်မှ အရာရှိအဆင့်ရှိဆိုသူဖြစ်ပြီး ၎င်းသည် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်း ခံထားရရာမှ ထိုင်းဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

၎င်းသည် မြန်မာစစ်တပ်မှဖြစ်သည့်အတွက် လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က ၎င်းအား ဒေသတွင်းရှိ ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။
ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများကို ပြန်လည်ဖမ်းဆီးနိုင်ရေးနှင့် ပတ်သက်၍ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က “လက်ရှိအချိန်ထိ ကြိုးစားပြီး ပြန်လည်ထိန်းသိမ်းနိုင်ရေးကို လုပ်ဆောင်နေပါတယ်” ဟု ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် အခြားထွက်ပြေးစစ်သုံ့ပန်း ၁၀ ဦးသည်လည်း ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ပေးစေလိုသည့် ရည်ရွယ်ချက်ဖြင့် ထိုင်းအာဏာပိုင်များထံ ဆက်သွယ်ထားကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

“မြန်မာဘက်ကို ပြန်ပို့မပို့တော့ မပြောတတ်ဘူး။ အရင့်အရင်ဆိုရင်တော့ တပ်ပြေးတွေပဲပြောပြော၊ ဘာပဲပြောပြော ထိုင်းနိုင်ငံထဲ ရောက်ရှိသွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုတော့ ထိုင်းဘက်ကနေ စစ်ကော်မရှင်ထံ ပြန်ပို့လေ့ရှိပါတယ်။ ဖြစ်စဉ် တူတာ မတူတာကတော့ ကျွန်တော်လည်း ပြောရ တာခက်တယ်။ ထိုင်းအစိုးရနဲ့ ထိုင်းတပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဖြစ်မယ်ထင်ပါတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဆိုသည်။
မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးခဲ့သည့် စစ်သုံ့ပန်း ၈၂ ဦးရှိပြီး ၅၉ ဦးမှာ စစ်ကော်မရှင်တပ်မှ စစ်သုံ့ပန်းများဖြစ်ပြီး ကျန်သူများမှာ ရဲတပ်ဖွဲ့ဝင်များနှင့် ဖားဆောင်းမှ စစ်ကော်မရှင်စခန်းများမှ ကရင်နီတပ်မတော်(KA)သို့ ဘက်ပြောင်းခိုလှုံလာသူများ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ထိုင်းမီဒီယာ