ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေး တရိပ်ရိပ် မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေဈေးမှာလည်း ယနေ့ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်း ဈေးအဖွင့်တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် သိန်း ၁၀၀ ပြည့်ရန် ငါးသောင်းသာ လိုတော့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ယနေ့ နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၆၇၈ အထိ မြင့်တက် ခဲ့ပြီးပြည်တွင်း အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၉ သိန်း ၅ သောင်းအထိ ဈေးပေါက်နေခြင်းဖြစ်သည်။
ထိုသို့ ဈေးနှုန်း အဆမတန် မြင့်တက်လာမှုကြောင့် ရွှေဆိုင်အချို့မှာ အရောင်းအဝယ်ကို ခေတ္တရပ်နားကာ ဈေးကွက်အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။
“ရွှေဈေးက အရမ်းတက်သွားတော့ အမြတ်ရလို့ ပြန်ရောင်းချင်တဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ ဆိုင်အ တော်များများကတော့ အရောင်းအဝယ် ခေတ္တပိတ်ထားတယ်လို့ ကြားရတယ်။ ဒီလောက်ထိ မြင့်နေတဲ့ ဈေးနဲ့ကတော့ ရောင်းမယ့်သူပဲရှိမှာပါ”ဟု ရွှေကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် နိုင်ငံခြားငွေလဲဈေးကွက်တွင်လည်း အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ၄,၁၅၀ ကျပ်အထိ မြင့်တက်လာသည်။ အခြားငွေကြေးများအနေဖြင့် ထိုင်းတစ်ဘတ်လျှင် ၁၂၉ ကျပ်နှင့် တရုတ်တစ်ယွမ်လျှင် ၅၈၃ ကျပ် ဝန်းကျင် ရှိနေကြောင်း သိရသည်။
ဈေးကွက်မှတ်တမ်းများအရ ယခုနှစ်အစပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၄,၀၀၀ ကျပ်၊ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၄,၃၂၅ ဒေါ်လာနှင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် သိန်း ၉၀ ဝန်းကျင် သာ ရှိခဲ့ရာမှ ရက်ပိုင်းအတွင်း ကျပ် ၁၀ သိန်းခန့်အထိ ခုန်တက်လာခြင်း ဖြစ်သည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်