ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရသည့် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ် ဖြတ်မှု စွပ်စွဲချက်အမှု၌ အာဏာသိမ်းစစ်ကော်မရှင် ကိုယ်စားလှယ်က ၎င်းတို့ကျင်းပနေသည့် တစ်ဖက်သတ် အတုအယောင် ရွေးကောက်ပွဲကိစ္စကို ထည့်သွင်းပြောဆိုကာ ခုခံချေပခဲ့ကြောင်း သိရသည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ ICJ ၌ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသည့် အဆိုပါအမှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ပြုလုပ်နေသော ကြားနာပွဲတွင် စစ်ကော်မရှင်က ခန့်အပ်ထားသည့် သမ္မတရုံးဝန်ကြီး (၂) ဦးကိုကိုလှိုင်က ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်က အပိုင်းသုံးပိုင်းခွဲကာ ပြုလုပ်နေသည့် တစ်ဖက်သတ် ရွေးကောက်ပွဲများတွင် လူမျိုးမရွေး၊ ဘာသာမရွေး မဲပေးပိုင်ခွင့်ရှိသူများ လာရောက်မဲပေးခဲ့ကြကြောင်း ဦးကိုကိုလှိုင်က ICJ တွင် ပြောဆိုခဲ့သည်ဟု စစ်ကော်မရှင် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

၎င်းက ဆက်လက်၍ မဲပေးပိုင်ခွင့်ရှိသူများထဲတွင် ဘင်္ဂါလီ (ရိုဟင်ဂျာ) ၁၅၄,၀၄၉ ဦး ပါဝင်ပြီး လက်ရှိတွင် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ နှစ်သိန်းနီးပါးနှင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်မှုခံယူမည့် ကတ်ပြား (NVC) ကိုင်ဆောင်သူ ငါးသောင်းနီးပါး ရှိနေပြီဟုလည်း ဆိုသည်။

သို့သော် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများကို မတရားဖမ်းဆီး အကျဉ်းချထားပြီး လုပ်ဆောင်သည့် အတုအယောင်သာဖြစ်သဖြင့် ပြည်သူလူထုက ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေကြပြီး မဲလာပေးသူ အလွန်နည်းပါးကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်၏ တစ်ဖက်သတ် ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ရလဒ်များအရ ရခိုင် ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း၌ လက်ဝေခံ ကြံ့ခိုင်ရေးပါတီ (USDP) ကသာ အနိုင်ရထားပြီးအဆိုပါ မဲရလဒ်များမှာလည်း ပွင့်လင်းမြင်သာမှုမရှိသည့် ကြိုတင်မဲများနှင့် ခြိမ်းခြောက်ဖိအားပေးမှုများကြောင့် ရရှိလာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

စစ်ကော်မရှင် ကိုယ်စားလှယ် ဦးကိုကိုလှိုင်ကမူ ၎င်းတို့အနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုသည့်အပြင် “ရိုဟင်ဂျာ” အမည်အစား “ဘင်္ဂါလီ” ဟူသော အသုံးအနှုန်းကိုသာ ဆက်လက်သုံးနှုန်း၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-MOI