ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းတွင် ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး မီးသတ်ယာဉ်အုပ်စု Level 2 အဆင့်အထိ အသုံးပြုကာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ယနေ့ နံနက် ၁၀ နာရီ ၃၃ မိနစ်တွင် မီးလောင်မှုစတင်ဖြစ်ပွားကြောင်းသိရ၍ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များနှင့် ရေသယ်ယာဉ်များ ချက်ချင်းထွက်ခွာငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုအခြေအနေအရ နံနက် ၁၀ နာရီ ၃၉ မိနစ်တွင် Level 1 ယာဉ်အုပ်စုများထွက်ခွာခဲ့ရပြီး နံနက် ၁၁ နာရီ ၄ မိနစ်တွင် Level 2 ယာဉ်အုပ်စုများဖြင့် ထပ်မံထွက်ခွာ၍ အရှိန်အဟုန်မြှင့် ငြှိမ်းသတ်ခဲ့ရသည်။
မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၂ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့