‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၁၉ ရက်

အာရက္ခတပ်တော် (AA) နှင့် စစ်ဆိုင်ထားရသည့် နယ်မြေများကို စစ်ကော်မရှင်က အင်အားထောင်ချီ အသုံးပြုထားရပြီး စစ်ကူနှင့် ရိက္ခာများ အဆက်မပြတ် ပို့ဆောင်နေရသော်လည်း အင်အားပြုန်းတီးမှု အလွန်များပြားနေကြောင်း သိရသည်။

 

ရခိုင်နှင့် ဧရာဝတီအစပ်ရှိ လေးမျက်နှာ၊ သာပေါင်း၊ အင်္ဂပူ မြို့နယ်များတွင် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ စစ်ကော်မရှင်သည် အဆိုပါတိုက် ပွဲများအတွင်း စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးထားသော တပ်သားသစ်များကို အဓိကပို့ဆောင် နေရကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။


“ရခိုင်အစပ်တိုက်ပွဲတွေမှာ စစ်တပ်က အင်အားပြည့်သုံးနေရတယ်။ ကျန်တဲ့နေရာတွေလည်း ပစ် ထားလို့မရတော့ အင်အားခွဲပို့နေရတာ မလောက်မငဖြစ်နေတာပေါ့။ စစ်မှုထမ်းဥပဒေနဲ့ လူသစ်တပ်သား တွေနဲ့ပဲ အသက်ဆက်နေရတာ မျက်မြင်ပဲ။ ကျောက်ဖြူဘက်ဆိုရင်လည်း ရေကြောင်းရော လေကြောင်း နဲ့ပါ အင်အားပို့နေရတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေးမျက်နှာနှင့် သာပေါင်းတိုက်ပွဲများမှ ဒဏ်ရာအပြင်းအထန်ရသည့် စစ်ကော်မရှင်တပ်သားများကို ပုသိမ်ရှိ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၄) သို့ ပြန်လည်ခေါ်ယူလာနေရပြီး ဒဏ်ရာရအရာရှိများကိုမူ ရန်ကုန်သို့ ပို့ဆောင်ကုသပေးနေရကြောင်း သိရသည်။

ပဲခူးနှင့် ရခိုင်အစပ်ရှိ ညောင်ကျိုးဒေသတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ၏ ကာကင်းစခန်းဖြစ်သော ပွိုင့်-၆၆၆ တွင် စစ်ကော် မရှင်တပ်ဖွဲ့များ ပိတ်မိနေသဖြင့် သောက်ရေမှအစ ဒရုန်းဖြင့် ပို့ဆောင်နေရသည်။ အဆိုပါစခန်းသို့ ရိက္ခာနှင့် ခဲယမ်းပို့သည့် စစ်ကြောင်းများမှာလည်း လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် ကစဉ့် ကလျား ထွက်ပြေးနေရကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ညောင်ကျိုးနှင့် လေသာတောင်တစ်ဝိုက် စိုးမိုးမှုရရန် ရန်ကုန်မှ ထုတ်နုတ်တပ်များကို အင်အားအလုံးအရင်းဖြင့် ဥသျှစ်ပင်မှတစ်ဆင့် စစ်ယာဉ်တန်းများဖြင့် ထပ်မံဖြည့်တင်းနေရသည်။

မကွေးအစပ် ပန်းဒါန်းတပ်နယ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းတွင် တပ်မ (၉၉) မှ အင်အား ၁,၅၀၀ ခန့် နေရာချထားခဲ့သော်လည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) နှင့် တပ်အပြောင်းအလဲလုပ်ချိန်တွင် အင်အား ၇၀၀ ခန့်သာ နောက်တန်းပြန်နိုင်ခဲ့သည်။

 

ကျန်ရှိသည့် အင်အားများအနက် ၃၀၀ ခန့်မှာ ကာကင်းစခန်းများတွင် ဖြန့်ခွဲထားရပြီး ကျန်အင်အား ၅၀၀ ခန့်မှာ တိုက်ပွဲများအတွင်း သေဆုံးပျောက်ဆုံးကာ အင်အားပြုန်းတီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ယနေ့အထိ နတ်ရေကန်စခန်းသို့ နောက်ထပ် အင်အား ၈၀၀ ခန့်နှင့် ရိက္ခာခဲယမ်းများကို အဆက်မပြတ် ထပ်မံဖြည့်တင်းနေရသည်။

 

စစ်သင်တန်းရက်တိုဖြင့် စစ်မြေပြင်စေလွှတ်ခံရသည့် ပြည်သူ့စစ်နှင့် စစ်မှုထမ်းတပ်သားသစ်များသည် ရခိုင်အစပ်တိုက်ပွဲများတွင် သေဆုံးမှုနှင့် ထွက်ပြေးမှုများပြားနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်