‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၁၈ရက်

‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာကုန်း၏ ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း သိရသည်။

‎ပဇီကျေးရွာ လမ်းဟောင်းရှိ စစ်ကော်မရှင်၏ ကာကင်းစခန်းကို ယမန်နေ့ ဇန်နဝါရီ ၁၇ရက်နေ့ ညနေပိုင်းအချိန်တွင် AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎စခန်းသိမ်းယူပြီးနောက် လက်နက်၊ ခဲယမ်းနှင့် ဒရုန်းများကိုပါ သိမ်းဆည်းရမိခဲ့ပြီး စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

‎”ပဇီကျေးရွာနားက စစ်တပ်ခြေကုတ်စခန်းကို သိမ်းလိုက်တာလို့ သိရပါတယ်။ အမြောက်တပ် မစခ-၉၀၅ ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေကတည်းက စခန်းတစ်ခုတော့ ကျပြန်ပြီလို့ တွက်နေတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်း၏ လမ်းသစ်နှင့် လမ်းဟောင်း တို့တွင် ‎ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

‎ပဇီလမ်းဟောင်းနှင့် ဂုတ်ကြီးလမ်းသစ်တို့ကို စစ်ကော်မရှင်က စစ်ကူအင်အားအလုံးအရင်း ပို့လွှတ် နေပြီး ပြတ်လပ်နေသည့် ခဲယမ်းများကိုလည်း စစ်ယာဉ်တန်းများနှင့် ပေးပို့နေသည့်အပြင် လေ ကြောင်းမှလည်း ပေးပို့နေရကြောင်း သိရသည်။

‎AA သည် နတ်ရေကန်ဗျူဟာကုန်းသို့ တက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းများကို ကြားဖြတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး တိုက်ပွဲများ ပြင်းထန် နေခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် ‎တပ်မ(၉၉) လက်ကျန်တပ်များ၊ အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံတပ်များနှင့် တပ်မ (၈၈) တပ်များကိုပါ နတ်ရေကန်ဗျူဟာ လမ်း ကြောင်းတွင် စစ်အင်အားပို့ဆောင်ထားကြောင်း သိရသည်။

ပုံစာ-အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ပုံဟောင်း)