ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇန်နဝါရီ ၁၈ ရက်)
တံတွေး (Saliva) ဆိုတာ ကျွန်တော်တို့ ကျန်းမာနေဖို့ မရှိမဖြစ်လိုအပ်တဲ့ အရည်ကြည်တစ်ခုပါ။ လူအများစုက တံတွေးကို အစာစားချိန်မှသာ သတိထားမိတတ်ကြပေမဲ့ တကယ်တော့ တံတွေးဟာ ခန္ဓာကိုယ်ရဲ့ ပထမဆုံး ခုခံရေးတံတိုင်းလို တိတ်ဆိတ်နေတဲ့ အစောင့်အရှောက် ဖြစ်ပါတယ်။
လူတစ်ယောက်မှာ တံတွေးဂလင်းတွေကနေ တစ်နေ့ကို တံတွေး ပျမ်းမျှအားဖြင့် လီတာဝက်ကနေ တစ်လီတာခွဲအထိ ထုတ်လုပ်ပေးပြီး တံတွေးထဲမှာ ရေ၊ အင်ဇိုင်းတွေ၊ ကိုယ်ခံအားပဋိပစ္စည်း (Antibodies) တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။
တံတွေးဟာ အစာခြေစနစ်အတွက်လည်း သိပ်ကို အရေးပါပါတယ်။ ဝါးမြိုလိုက်တဲ့ အစားအစာတွေက အစာအိမ်နဲ့ အူလမ်းကြောင်းထဲကို ရှောရှောရှူရှူ ဝင်ရောက်နိုင်ဖို့ တံတွေးက ကူညီပေးသလို ကစီဓာတ်နဲ့ အဆီဓာတ်ကို ချေဖျက်ပေးတဲ့ (Amylase, Lingual Lipase) အင်ဇိုင်းတွေလည်း ပါဝင် ပါတယ်။ အစာတွေက တံတွေးမှာပျော်ဝင်ပြီး လျှာပေါ်ရှိ အရသာအာရုံခံဖုလေးတွေဆီ ရောက်အောင် ကူညီပေးပါတယ်။ ကျွန်တော်တို့ အရသာခံစားနိုင်အောင်လည်း တံတွေးက ကူညီပါတယ်။
ဒါ့အပြင် ပိုးမွှားအချို့ကို သေစေတဲ့ (Salivary Lysozyme) ဓာတ်လည်း ပါဝင်တာကြောင့် သွားတွေကြားထဲက အစာဟောင်းတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေ ပွားများမှုကို ထိန်းချုပ် ပေးပါတယ်။ တံတွေးသာ မရှိခဲ့ရင် ခံတွင်းဆိုတာ အလွန်ညစ်ပတ်နေမှာပါ။ သွားကြွေလွှာ (Enamel) ကို ပြန်လည်သန်စွမ်းစေတဲ့ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်တွေလည်း ပါဝင်သလို အရသာခံစားနိုင်ဖို့ အတွက်လည်း တံတွေးက အကူအညီပေးပါတယ်။
#တံတွေးဆိုတာရွံစရာလား
တံတွေးက ခံတွင်းထဲမှာတော့ အသုံးဝင်ပေမဲ့ ပါးစပ်ပြင်ပကို ရောက်သွားတဲ့အခါမှာတော့ ရွံစရာ ဖြစ်သွားတတ်ပါတယ်။ လူ့အသိုက်အဝန်းမှာ တံတွေးထွေးတာဟာ ရိုင်းပြတဲ့ အမူအရာလို့ သတ်မှတ် ထားပြီး တစ်စုံတစ်ယောက်ရဲ့ ရှေ့မှာ တမင်ထွေးတာဟာ အလွန်အမင်း စော်ကား လိုက်တာပါပဲ။
မြန်မာနိုင်ငံမှာတော့ နေရာအနှံ့မှာ ကွမ်းတံတွေး နီနီရဲရဲကွက်တွေကို မတင့်မတယ် တွေ့နေရဆဲ ဖြစ်ပါတယ်။ ကျန်းမာရေးအရလည်း တံတွေးကတစ်ဆင့် ရောဂါပိုးမွှားတွေ ပျံ့နှံ့နိုင်တာကြောင့် တံတွေး ကို ရွံစရာလို့ ရှုမြင်ကြတာ ဖြစ်ပါတယ်
#အမှုမဲ့အမှတ်မဲ့ လုပ်မိနေတဲ့ အကျင့်ဆိုးများ
မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်ကို မီးမှုတ်တဲ့အခါ တံတွေးအမှုန်တွေ စင်ပြီး ကိတ်မုန့်ပေါ်မှာ ဘက်တီးရီးယားတွေ ပွားများသွားစေပါတယ်။ ဖယောင်းတိုင်မီးမှုတ်ပြီးနောက် ကိတ်မုန့်ပေါ်ကို ဘတ်တီးရီးယားပိုးပမာဏ အများအပြား ကပ်ညှိသွားတယ်လို့ အစားအသောက်ဘေးကင်းရေး လေ့လာမှုတစ်ခုမှာ ဆိုထားပါတယ်။
ဒါ့အပြင် စာရွက်လှန်ရင် တံတွေးစွတ်တဲ့ အကျင့်ကလည်း မလုပ်သင့်တဲ့ အကျင့်ဖြစ်ပါတယ်။ တံတွေးမှာပါဝင်နေတဲ့ ပိုးမွှားတွေအညစ်အကြေးတွေ စာရွက်မှာကျန်တင်ကဲ့သို့ စာရွက်မှာ ရှိနေတဲ့ ပိုးမွှားနဲ့အညစ်အကြေးတွေကလည်း ကိုယ့်ပါးစပ်ထဲပြန်ဝင်သွားနိုင်ပါတယ်။
နောက်ကလေးတွေ လက်သည်းကို တံတွေးဆွတ်ကိုက်တာတွေဟာ ပိုးမွှားတွေကို ခန္ဓာကိုယ်ထဲ တိုက်ရိုက်ထည့်ပေးလိုက်သလို ဖြစ်စေတာမို့ မိဘတွေ သတိထားပြီးတော့ပြင်ဆင်သင်ကြား ပေးရ ပါမယ်။ ဖုန်၊ ပိုးမွှားနဲ့ ချေးညှော်အညစ်အကြေးတွေကို ဝမ်းဗိုက်ထဲတိုက်ရိုက်ထည့် ပေးလိုက်သလို ဖြစ်ပြီး သန်ရောဂါလည်း စွဲကပ်စေနိုင်ပါတယ်။
မျက်ခုံးမွှေးဆွဲတံကို တံတွေးဆွတ်ပြီး အလှပြင်ကြတယ် ဆိုတဲ့ခေတ်တစ်ခုရှိခဲ့ပါတယ်။ မိတ်ကပ် မျက်ခုံးမွှေးဆွဲတံ မျက်တောင်ကော့ဆေး မည်သည့်အလှကုန်ကိုမှ တံတွေးအသုံးပြုပြီး လုံးဝ (လုံးဝ) အသုံးမပြုသင့်ပါဘူး၊
#တံတွေးကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါများ
တံတွေးက ရောဂါပိုးတွေကို တိုက်ဖျက်နိုင်ပေမဲ့ အချို့ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကတော့ နမ်းခြင်း၊ အတူစားသောက်ခြင်း၊ နှာချေချောင်းဆိုးခြင်းတို့ကနေ ကူးစက်နိုင်ပါတယ်။
-တုပ်ကွေး၊ COVID-19 နဲ့ တီဘီ (TB) လို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ။
-ပါးချိတ်ရောင်ရောဂါ (Mumps)။
-နမ်းရာမှတစ်ဆင့် ကူးစက်တတ်တဲ့ Mononucleosis (Kissing Disease)။
-ရေယုန် (Herpes Simplex Virus)။
-တံတွေးထဲမှာ ဗိုင်းရပ်စ်ပမာဏ နည်းပါးပေမဲ့ ထိခိုက်ရှနာရှိရင် ကူးစက်နိုင်ခြေတဲ့ အသည်းရောင် အသားဝါ (ဘီ) ပိုး (Hepatitis B)။
-ဇွန်းအတူစားခြင်း၊ ရေဘူးအတူသောက်ခြင်းမှတဆင့် ဘက်တီးရီးယား အစာအိမ်ပိုးကူးစက်ပြီး အစာအိမ်နာနဲ့ အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ H. pylori ဘက်တီးရီးယား စတဲ့ရောဂါတွေက တံတွေးမှ တစ်ဆင့်ကူးစက်နိုင်တယ်လို့ ဆိုထားပါတယ်။
#တံတွေးနဲ့ကွမ်းယာ
မြန်မာနိုင်ငံမှာ ကွမ်းစားတာဟာ တံတွေးနဲ့ ခံတွင်းကျန်းမာရေးကို အဆိုးရွားဆုံး ထိခိုက်စေပြီး ခံတွင်းကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။
ကွမ်းယာမှာပါတဲ့ ထုံးနဲ့ ကွမ်းသီးဟာ တံတွေးဂလင်းတွေကို အဆက်မပြတ် လှုံ့ဆော်ပေးပါတယ်။ ကွမ်းစားနေစဉ် တံတွေးတွေ အလွန်အမင်း ထွက်လာပေမဲ့ ရေရှည်မှာတော့ တံတွေးဂလင်းတွေ ပင်ပန်းနွမ်းနယ်ပြီး ပျက်စီးရပါတယ်။ ဒါကြောင့် ကွမ်းဖြတ်လိုက်တဲ့အခါ ဒါမှမဟုတ် ကွမ်းမစားတဲ့ အချိန်မှာ ခံတွင်းခြောက်ကပ်ခြင်း (Dry Mouth) ဝေဒနာကို ခံစားရပါတော့တယ်။
ကွမ်းစားခြင်းကြောင့် ထွက်လာတဲ့ တံတွေးဟာ ကွမ်းသီးနဲ့ ဆေးရွက်ကြီးမှာပါတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း (Carcinogens) တွေကို ပျော်ဝင်စေပြီး ခံတွင်းနံရံတွေကို ထိခိုက်စေပါတယ်။ ဒီဓာတု ပစ္စည်းတွေဟာ တံတွေးနဲ့အတူ ခံတွင်းနံရံအသားနုတွေကို အချိန်ကြာမြင့်စွာ ထိတွေ့နေတဲ့အတွက် ကျန်းမာတဲ့ဆဲလ် ထိခိုက်သွားပြီး ခံတွင်းကင်ဆာ ဖြစ်စေပါတယ်။
ကွမ်းစားသူအများစုဟာ ကွမ်းသွေး (တံတွေး) ကို လူမြင်ကွင်းနဲ့ လမ်းဘေးဝဲယာမှာ ထွေးထုတ် လေ့ရှိပါတယ်။ လမ်းဘေးမှာ ထွေးထုတ်လိုက်တဲ့ ကွမ်းတံတွေးတွေ ခြောက်သွားတဲ့အခါ လေထဲက တစ်ဆင့် တီဘီနဲ့ တုပ်ကွေးပိုးတွေ ပတ်ဝန်းကျင်ကို ပြန့်နှံ့သွားစေပါတယ်။
#သွားဖုံးနှင့်သွားကျန်းမာရေး
ကွမ်းကြောင့် ထွက်လာတဲ့ တံတွေးထဲမှာ ထုံးဓာတ်တွေ ပါဝင်နေတဲ့အတွက် သွားတွေမှာ ကျောက်တွေ ကွမ်းအညှိ (Tartar) တွေ တည်စေပါတယ်။ သွားဖုံးရောင်ခြင်း၊ သွားနဲ့ သွားဖုံးကြား ပြည်တည်ခြင်းနဲ့ သွားနဲ့ခြင်းတို့ကို ဖြစ်စေပါတယ်။
တံတွေးဟာ ခန္ဓာကိုယ်ရဲ့ မွေးရာပါ သဘာဝဆေးရည် ဖြစ်ပေမဲ့ ကွမ်းယာစားခြင်းက “အဆိပ်ရည်” အဖြစ် ပြောင်းလဲလိုက်သလို ဖြစ်စေပါတယ်။ မိမိရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ကွမ်းစားခြင်းကို ရှောင်ကြဉ်တာ အကောင်းဆုံးဖြစ်ပါတယ်။
#တံတွေးခမ်းခြောက်ခြင်း (Dry Mouth)
ရေဓာတ်ခမ်းခြောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း ဆေးဝါးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် တံတွေး ခမ်းခြောက်ခြင်းဖြစ်ရပါတယ်။ တံတွေနည်းပါးသွားတာကြောင့် သွားပိုးစားတာ နဲ့ ခံတွင်းနံဆိုးဝါး တာတွေလည်း ဖြစ်လာရပါတယ်။ တံတွေးဆိုတာ အစာခြေဖို့တင် မဟုတ်ဘဲ သင့်ခံတွင်း နဲ့ တစ်ကိုယ် လုံး ကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။
ဒါကြောင့် အစားအစာနဲ့ ရေသန့်ဘူးကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ တံတွေးပုံမှန်ထွက်ရှိအောင် ရေများများသောက်ပါ။ နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှူးဖြင့် ကာကွယ်ပါ။ သွားနှင့် ခံတွင်းကို တစ်နေ့ နှစ်ကြိမ် စနစ်တကျ သန့်ရှင်းရေး လုပ်ပါ။ သွားတိုက် အာလုပ်ကျင်းပါ။
တံတွေးဟာ ရောဂါကူးစက်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်တာကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေးပေးကြဖို့ အကြံပြုလိုက်ပါတယ်။နောက်တစ်ပတ်မှာတော့ “မေးခိုင်ရောဂါ” အကြောင်းအရာကို တင်ဆက်ပေးမှာဖြစ်တာကြောင့် ဧရာ၀တီတိုင်းမ် ပရိသတ်များအားလုံး စောင့်မျှော်ဖတ်ရှုနားဆင် ပေးကြပါဦး ခင်ဗျာ။