ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီ ၁၈ ရက်
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ – IPCM ၏ ဒုတိယအကြိမ် အထွေထွေညီလာခံနှင့် အလုပ်အမှုဆောင်ကော်မတီရွေးကောက်ပွဲကို ဇန်န၀ါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါညီလာခံတွင် လွတ်လပ်သောသတင်းဌာန ၃၇ ခုမှ ကိုယ်စားလှယ်များနှင့် အလွတ်သတင်းသမား ၅ ဦးတို့က IPCM အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၄ ဦး ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ဥက္ကဌအဖြစ် သံလွင်တိုင်းမ် သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်၊ အတွင်းရေးမှူးအဖြစ် လုပ်သက်ရင့်သတင်းသမား ဦးတိုးဇော်လတ် တို့ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ အခုလာမယ့်ကောင်စီသက်တမ်းမှာ ကိုယ့်ရဲ့သတင်းမီဒီယာလောကသားတွေ ဘေးကင်း လုံခြုံရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ လွတ်လပ်စွာသတင်းရယူခွင့်ရှိဖို့ကိစ္စရပ်တွေ ပိုမိုအားကောင်းအောင် IPCM အဖွဲ့ဝင်များနဲ့ အတူ အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမှာပါ”ဟု IPCM ဥက္ကဌ ဦးကိုကိုဇော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လွတ်လပ်သောသတင်းမီဒီယာသမားများက ယနေ့မဲပေးရွေးချယ်ခဲ့ကြသည့် အလုပ်အမှုဆောင် ၁၄ ဦးတွင် သတင်းဌာနကိုယ်စားပြုသူ ၉ ဦး၊ အလွတ်သတင်းသမား ကိုယ်စားပြုသူ ၃ ဦးနှင့် မီဒီယာကျွမ်းကျင်သူ ကိုယ်စားလှယ် ၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။
နှစ်ရက်တာကျင်းပသည့် IPCM ၏ဒုတိယအကြိမ်ညီလာခံတွင် IPCM ဖွဲ့စည်းပုံပြင်ဆင်အတည်ပြုခြင်း၊ ပထမသက်တမ်းမှ အလုပ်အမှုဆောင်အဖွဲ့၏အစီရင်ခံစာများနှင့် တင်သွင်းခြင်း၊ လွတ်လပ်သော သတင်းမီဒီယာများ ရင်ဆိုင်နေရသည့် သတင်းရယူခွင့်အခက်အခဲများ၊ သတင်းဌာနများ ရှင်သန်ရပ်တည်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။