ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ၏ ကာကင်းစခန်းဖြစ်သော ၆၆၆ ပွိုင့်ကုန်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ရိက္ခာပြတ်လပ်ကာ ပိတ်မိနေ ကြောင်း သိရသည်။
ရိက္ခာပြတ်လပ်နေသည့် အဆိုပါစခန်းကို ကပစ-၁၆ မှ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ရန်လာသည့် စစ်ကူစစ်ကြောင်းအား ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်တွင် အာရက္ခတပ်တော် (AA) က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ရိက္ခာနှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။
“ကြားဖြတ်တိုက်ခံရပြီး စစ်ကြောင်းတွေ ကစဉ့် ကလျားခွဲပြီး ထွက်ပြေးသွားကြတယ်။ စခန်းက ရိက္ခာမပြောနဲ့ ရေတောင်ပြတ်နေပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ပွိုင့်-၆၆၆ စခန်းသို့ ရိက္ခာရောက်ရှိနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသော်လည်း တပ်ဖွဲ့ဝင်များမှာ စခန်းအတွင်း ငတ်ပြတ်ပိတ်မိနေပြီး အချို့တပ်ဖွဲ့ဝင်များမှာ စခန်းမှထွက်ပြေးစဉ် AA ထံ လက်ရဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ၆၆၆ စခန်းကုန်းသို့ ရေလာပို့သည့် ဒရုန်းအကြီးစားတစ်စင်းကို AA က သိမ်းဆည်းရမိခဲ့သလို ရိက္ခာပို့စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။
မြေပြင်ထောက်ပို့လမ်းကြောင်း ပိတ်ဆို့ခံထားရသဖြင့် စစ်ကော်မရှင်သည် ပွိုင့်-၆၆၆ စခန်းကို လေကြောင်းနှင့် ဒရုန်းများကိုသာ အဓိကထား၍ ရိက္ခာခဲယမ်း ထောက်ပို့နေရခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရသည်။
ကပစ-၁၆ နှင့် ပွိုင့်-၆၆၆ စခန်းမှာ ၇ မိုင်ခန့်သာ ကွာဝေးသော်လည်း ကားလမ်းမပေါက်သည့်အတွက် စစ်ကော်မရှင်က ခြေလျင်ဖြင့်သာ စစ်ကြောင်းထိုးရန် ကြိုးစားနေရပြီး တက်လာသည့် စစ်ကြောင်းတိုင်း မှာလည်း ကြားဖြတ်တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။
ပုံစာ-၆၆၆ ပွိုင့်ကုန်းကိုုတွေ့ရစဉ်(ပုံဟောင်း)