ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီ ၁၈ ရက်
အာဏာသိမ်းစစ်ကော်မရှင်က ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲဖမ်းဆီးကာ စစ်သင်တန်းပို့၍ ရှေ့တန်းသို့ စေလွှတ်ခဲ့သည့်လူငယ်များထဲမှ ထွက်ပြေးသူများကိုပြန်ဖမ်းမိပါက သံခြေကျင်းခတ်၊ ထောက်ထည့်၍ ရိုက်နှက်ကာ အလုပ်များ ခိုင်းစေနေကြောင်း စုံစမ်းသိရှိရသည်။
ဧရာ၀တီတိုင်းမ်သတင်းဌာနမှ လက်ခံရရှိသည့်အထောက်အထားများအရ စစ်ကော်မရှင်က ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်စခန်းတစ်ခုတွင် ရှေ့တန်းမှထွက်ပြေးသူ ပစ(ပြည်သူ့စစ်မှုထမ်း) တပ်သားများကို သံခြေကျင်းခတ်၍ ညှဥ်းပန်းနှိပ်စက်ကာ အလုပ်ခိုင်းစေနေသည်ကို တွေ့ရသည်။
“ထွက်ပြေးတဲ့ပစ (ပြည်သူ့စစ်မှုထမ်းတပ်သား) တွေကို ပြန်မိတဲ့အခါမှာ သံခြေကျင်းခတ်တယ်၊ ထောက်ထည့်ပြီးတော့ အလုပ်တွေခိုင်းတယ်။ သူတို့ထင်သလို ရိုက်နှက်နှိပ်စက်တာတွေ လုပ်တယ်။ သူတို့မှာ အဲ့လိုခြေကျင်းကြီးနဲ့ အချုပ်ချခံရ၊ အလုပ်လုပ်ရနဲ့ အရမ်းဒုက္ခရောက်ကြတယ်”ဟု ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိခဲ့သည့် ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းစစ်ကော်မရှင်သည် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိလူငယ်များကို အပတ်စဥ်တစ်ခုလျှင် စစ်သား ၅၀၀၀ စုဆောင်းခေါ်ဆောင်၍ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေခြင်းဖြစ်သည်။
စစ်ကောာ်မရှင်က ပြီးခဲ့သည့်ဒီဇင်ဘာလအထိ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၂၀ အထိ သင်တန်းဖွင့်လှစ်ခေါ်ဆောင်ခဲ့သည့် အတွက် အနည်းဆုံး လူငယ် ၁ သိန်းခန့်ကို စစ်သားအဖြစ် သွတ်သွင်းကာ စစ်တိုက်ခိုင်းခဲ့ခြင်းဖြစ်သည်။
“စစ်တပ်မှာ အချုပ်သားဖြစ်သွားပြီဆိုရင်တော့ ဘာလူ့အခွင့်အရေးမှမရှိဘူး။ ဘယ်သူမှ ညွှန်ကြားထားတာ မဟုတ်ဘဲနဲ့ကို အချုပ်ထဲအဝင် ၁၀ ချက်၊ အထွက် ၁၀ ချက် ကျွဲလိုနွားလိုရိုက်တာ။ ဥပဒေအရဆိုရင် တပ်အချုပ်ထဲ ထည့်ချင်တိုင်း ထည့်လို့မရဘူး။ ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်ခွင့်တင်ရတယ်၊ စစ်တရားရုံး လုပ်ပြီးမှ ထည့်လို့ရတယ်။ ပြေးတဲ့လူတွေ၊ လက်နက်မှု၊ အာဏာဖီဆန်မှုလုပ်တဲ့လူတွေဆိုရင် အဲ့လိုထားတယ်”ဟု စစ်တပ်အရာရှိ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
စစ်တပ်က အဆိုပါအကျဥ်းသားများကို ထွက်ပြေးမည်စိုးရိမ်သဖြင့် သံဇကာ၊ သံတိုင်များဖြင့် အပြင်ဘက်မှ မြင်တွေ့ရသော အကျဥ်းသားသီးသန့်အိမ်သာများကိုပါ ထားရှိလုပ်ဆောင်ကြောင်း ဗိုလ်ကြီးဇင်ယော်က ရှင်းပြသည်။
အာရက္ခတပ်တော် – AA နှင့်တိုက်ခိုက်နေသည့် ရခိုင်စစ်မျက်နှာပြင်တွင်လည်း ထွက်ပြေးသူများကို စစ်ကော်မရှင်တပ် အရာရှိများက သစ်ပင်တွင် ကြိုးတုပ်၍ အစာမကျွေးဘဲပစ်ထားခြင်း၊ ထိုးကြိတ်ရိုက်နှက်ခြင်း၊ ရှေ့တန်းမှပြန်ဆုတ်လာသူများကို ပစ်သတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းက စစ်ကော်မရှင်ထံမှ ထွက်ပြေးလာသည့်တပ်သားများက ထုတ်ဖော်ပြောဆိုထားသည်။