ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

 

ကရင်နီပြည်၊ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မယ်စဲ့အကျဥ်းထောင်(၂) မှ စစ်သုံ့ပန်း အကျဥ်းသားများ ၅၉ ဦးထွက်ပြေးသွားကြောင်း သိရသည်။

 

အကျဉ်းသားများသည် ယနေ့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ထွက်ပြေးသွားခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

 

“ထောင်ဆေးမှူးကနေဖွင့်ပေးတာလို့သိရတယ်။ အစောင့်တွေကို ကြိုးတုပ်ပြီးအချုပ်ပြန်ထည့်ခဲ့တယ်။ သတ်သွားတာမျိုးမရှိဘူး၊ ဆေးမှူးနဲ့နောက်တစ်ယောက်ကတော့ ထွက်ပြေးသွားတဲ့လူတွေနဲ့ ပါသွားတယ်” ဟု ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထွက်ပြေးသွားသည့် အကျဉ်းသားများက သေနတ် ကိုးလက်နှင့် ဆက်သွယ်ရေးစကားပြောစက်များကို ယူဆောင်သွားကြောင်းသိရသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်းအောင်ကို ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

 

အလားတူ ယမန်နှစ် အောက်တိုဘာလ ၉ ရက်နေ့ကလည်း ကရင်နီပြည်နယ်အတွင်းရှိ အကျဉ်း ထောင်တစ်ခုမှ အကျဉ်းသား ခြောက် ဦး ထွက်ပြေးလွတ်မြောက်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

 

လက်ရှိတွင် ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံပိတ်ဆို့ ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။