ဧရာဝတီတိုင်းမ်
ဇန်ဝါရီ ၁၇ ရက်
ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို ဆက်သွယ်ထားသည့် တီးတိန်-ကလေး ကားလမ်းပိုင်းကို စစ်ကော်မရှင်တပ်က အသုံးပြုခွင့် ပြန်လည်ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါလမ်းကို စစ်ကော်မရှင်တပ်က ၈ လကြာ ပိတ်ထားပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့မှစ၍ အကန့်အသတ်ဖြင့် ယာဉ်များဖြတ်သန်းခွင့် ပြုခဲ့သော်လည်း ယခုအခါ တစ်ပတ်အကြာတွင် အကန့်အသတ်မရှိ ပြန်လည်ပိတ်လိုက်ခြင်းဖြစ်သည်။
“လမ်းက ပြန်ပိတ်လိုက်ပါပြီ။ အရင်အပတ် လမ်းဖွင့်ပေးကတည်းက ချင်းတောင်က ကား၊ ဆိုင်ကယ် အဆင်းတွေပဲ ရတယ်။ ကလေးမြို့က အတက်ခွင့်မပြုဘူးလေ။ အခုတော့ စစ်သားတွေက အဆင်း၊ အတက် ဘယ်ဟာမှ ခွင့်မပြုတော့ဘူး” ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေး-တီးတိန် ကားလမ်းတစ်လျှောက်တွင် လက်ရှိ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က အကြောင်းမဲ့ ပိတ်ထားခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ လမ်းပိတ်ထားမှုကြောင့် ချင်းပြည်နယ်မြောက်ပိုင်းတွင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိသည်။
“ဒီဘက်က ပြည်သူတွေက ကလေးမြို့ဘက်ကလာတဲ့ အခြေခံစားသောက်ကုန်တွေကိုပဲ အဓိက အားထားနေရတာ။ လမ်းပိတ်လိုက်တော့ တီးတိန်နဲ့ ဖလမ်းဘက်မှာ ကုန်စည်အဝင်နည်းပြီး ကုန်ဈေးနှုန်းတွေ တက်ကုန်တယ်။ တိုက်ပွဲလည်း မရှိဘဲနဲ့ ပြန်ဖွင့်ပေးစေချင်တယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ဆိုသည်။
တီးတိန်-ကလေး ကားလမ်းကို ပိတ်ထားသည့်အတွက် ဟားခါး၊ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များမှ ပြည်သူများသည် လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်ကိစ္စများတွင်ပါ အခက်အခဲကြီးစွာ ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါ ကားလမ်းသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တရားဝင်ဖွင့်လှစ်ထားသည့် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း (ရိဒ်နယ်စပ်) သို့ ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးဖြစ်ပြီး လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်