ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

 

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ကိုင်‌နေသည့် နိုင်ငံခြားသား အလုပ်သမားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဆွန်ချိုင်းက ပြော‌ဆိုခဲ့သည်။

 

ထိုင်းနိုင်ငံသားများကိုသာ သီးသန့် လုပ်ကိုင်ခွင့်ပြုထားသည့် အလုပ်အကိုင်များကို နိုင်ငံခြားသားအလုပ်သမားများ လုပ်ကိုင်နေကြောင်း တွေ့ရှိပါက တင်းကြပ်စွာ အရေးယူသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

 

ထိုသို့အရေးယူသွမည့် အစီအစဉ်ကို ကြေညာပြီးနောက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း တရားမဝင်ဝင်ရောက်နေထိုင်မှု၊ တရားမဝင်အလုပ်လုပ်ကိုင်မှုများဖြင့် ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့က မြန်မာနိုင်ငံသား အယောက် ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း တာ့ခ်လူဝင်မှုကြီးကြပ်ရေး ထံက သိရသည်။

“ဒါကတော့ ပန်းရောင်ကတ်တွေလည်းလုပ်လို့ပြီးပြီ လုပ်လို့ပြီးသွားတဲ့အခြေအနေမှာ အားလုံးအထောက်အထားတွေရှိပြီဆိုတော့ ထုံးစံအတိုင်း စစ်နေကြပြီလေ။ လူသစ်တွေကိုအထောက်အထားတွေလုပ်ပေးလိုက်တဲ့အတွက် သူတို့ဘက်ကတာဝန်ကြေပြီလေ ကျန်တဲ့သူတွေကို စစ်ဆေးတော့မှာပဲ အထောက်အထားမဲ့ကျန်နေမှာကိုတော့ သူတို့အဖြစ်မခံနိုင်ဘူး” ဟု အေအေစီ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် နိုင်ငံခြားသားလုပ်ခွင့်မရှိသည့် အလုပ်အကိုင်များ ပြုလုပ်ပါက ဒဏ်ငွေ ၅၀၀၀ မှ ၅၀၀၀၀ အထိချမှတ်နိုင်ပြီး မူရင်းနိုင်ငံသို့ပြန်ပို့ခြင်း၊ အလုပ်လျှောက်ခွင့်ပါမစ်ပိတ်ခံရခြင်း စသည့်ပြစ်ဒဏ်များခံရနိုင်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတွင် ဆံပင်ညှပ်ခြင်း၊ ဆောက်လုပ်ရေးလုပ်သား၊ ‌ဈေးရောင်းခြင်း၊ စားသောက်ဆိုင်များတွင်အလုပ်လုပ်ခြင်း၊ တိုးစ်ဂိုက်လုပ်ခြင်း၊ တက်စီဆွဲခြင်း အပါအဝင် အလုပ်အကိုင် ၃၀ နီးပါးကို နိုင်ငံခြားသားလုပ်ကိုင်ခွင့်မရှိသည့် အလုပ်များအဖြစ် သတ်မှတ်ထားသည်။

ထို့ပြင် ညွှန်ကြားရေးမှူးချုပ် မစ္စတာဆွန်ချိုင်းက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသားအလုပ်သမားခြောက်ဦးနှင့် ထိုင်းလူမျိုး သုံးဦးတို့၏ ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်ကို သိရှိကြောင်းနှင့် အဆိုပါသူများမှာလည်း ထိုင်းမှလုပ်ခွင့်မပြုထားသည့် အလုပ်ကို လုပ်ကိုင်နေသူများဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

“နောက်တချက်က ခုလက်ရှိ ထိုင်းထဲမှာ ဖြစ်ပေါ်နေတဲ့အခင်းကျင်းတွေနဲ့ ပတ်သတ်ပြီးတော့ သူ့လိုမျိုးတွေကို မြန်မာတွေကပြန်ပြီး လက်တုံ့ပြန်လာတယ်ဆိုတဲ့ပုံမျိုးအထင်ရောက်ပြီး ထိုင်းမျိုးချစ်တွေဘက်ကလည်းဖိအားပေးလာတယ်။ ဝင်ရောက်စစ်ဆေးတာတွေလုပ်လာတယ်။ အခုစစ်ဆေးတာတွေကလည်း အဲ့ဒါနဲ့သက်ဆိုင်တယ်” ဟု အေအေစီကိုရဲမင်းက ဆက်လက်ပြောသည်။

 

လက်ရှိတွင် အကြောင်းမျိုးစုံဖြင့် ဖမ်းဆီးစစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်နေမှုများကြောင့် မဲဆောက်မြို့တွင်းတွင်လည်း မဲဆောက်ဈေးအပါအဝင် ဆိုင်အများအပြားပိတ်သိမ်းထားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့က စမွတ်ပရာကန်ခရိုင်တွင်ဖြစ်ပွါးခဲ့သည့် မြန်မာနိုင်ငံသား ခြောက်ဦးမှ ထိုင်းလူမျိုး သုံးဦးကို စတင်ရန်စကာ အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်မှာလည်း ထိုင်လူမျိုးများအကြား များစွာပြန့်နှံ့သွားခဲ့ပြီး ဝေဖန်မှုအများအပြားခံခဲ့ရပြီး ယခုကဲ့သို့ နောက်ဆက်တွဲပြသနာအများအပြားကြုံခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ – Take Immigration