နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

 

အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့ကို တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)နှင့် တွေ့ဆုံသော တီမောလက်စ်တေအစိုးရအား သံရုံးယာယီတာဝန်ခံမှတဆင့် ခေါ်ယူသတိပေးခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံကို ဇန်နဝါရီ ၁၆ ရက်၊ နေ့လယ်ပိုင်း၌ စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်၍ ယင်းဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခုခံတော်လှန်ရေး အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ(EROs)၊ တော်လှန်ရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံမှုရှိသည့် တီမောသည် မကြာသေးမီက အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာသည်။

 

ထို့အပြင် စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် တရားစွဲဆို တိုင်ကြားသော ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်၌ ယင်းနိုင်ငံ သမ္မတက တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေတွင် စစ်ကော်မရှင်၏ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်က ခေါ်ယူသတိပေးလာခြင်းဖြစ်ပြီး တီမောလက်စ်တေအစိုးရအနေဖြင့် အာဆီယံ ပဋိညာဉ်နှင့် အာဆီယံ၏ အခြေခံမူများကို လိုက်နာရန် ကတိပြုသည့် ၎င်း၏ ကတိကဝတ်များအား ချိုးဖောက်နေကြောင်း ဆိုသည်။

 

သို့သော် မည်သည့်အဖွဲ့အစည်း ဆိုသည်ကိုမူ ထုတ်ဖော်ပြောခြင်းမရှိဘဲ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံသည့် ကိစ္စရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ဖော်ပြသည်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်၍ ပြည်သူလူထုနှင့်အတူ ရပ်တည်သွားမည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသည့် တီမောလက်စ်တေအစိုးရအနေဖြင့် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ လက်ရှိတွင် တစ်စုံတစ်ရာ တုံ့ပြန်လာခြင်း မရှိသေးပေ။