ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

လူမှုကွန်ရက်စာမျက်နှာများတွင် နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်နေသူ ၂၃၄ ဦးကို တရားမဝင် ရောင်းဝယ်သူများအဖြစ် စစ်ကော်မရှင်က စွပ်စွဲကာ အန္တရာယ်မြင့်သည့်အဆင့် သတ်မှတ်လိုက်ပြီး ၎င်းတို့၏ ငွေစာရင်းအကောင့်မျိုးစုံ ၁,၀၀၀ နီးပါးကို ယာယီပိတ်သိမ်းထားကြောင်း စစ်ကော်မရှင် လက်အောက်ခံ ဗဟိုဘဏ်က ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ၂၃၄ ဦးအနက် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့် လူ ငါး ဦးကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုထားပြီး ကျန်ရှိသူများကိုလည်း အရေးယူနိုင်ရေးအတွက် ဆက်လက်စစ်ဆေးလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော် ငွေရေးကြေးရေးစနစ် တည်ငြိမ်မှုကို ပျက်ပြားစေရန် ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ငွေစာရင်းများကို အပြီးပိုင်ပိတ်သိမ်းခြင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ နှင့် ၄၂ အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေများဖြင့် ထိရောက်စွာ အရေးယူမည်ဟု ဗဟိုဘဏ်က ဆိုထားသည်။

ထို့ပြင် လက်ရှိအချိန်အထိ တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူရောင်းချသည့် လူမှုကွန်ရက်စာမျက်နှာ ၁,၂၀၁ ခုနှင့် လူ ၁,၃၄၂ ဦးတို့၏ ငွေစာရင်းများကို ယာယီပိတ်သိမ်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

စစ်ကော်မရှင်သည် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီ၊ စားသုံးဆီ၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရောင်းချပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကော်မရှင်သည် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီ၊ စားသုံးဆီ၊ ဆက်သွယ်ရေး၊ လျှပ်စစ်ကဏ္ဍများသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ကျော် ရောင်းချ ပေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်