ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

 

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဇန်နဝါရီ ၁၅ ရက်နေ့က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး သူမရရှိထားသည့် ၂၀၂၅ ခုနှစ် နိုဗယ် ငြိမ်းချမ်းရေးဆု တံဆိပ်ကို သမ္မတထရမ့်အား ဂုဏ်ပြုသောအားဖြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံမှုအတွင်း သမ္မတထရမ့်က မာချာဒိုကို “အလွန်ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်ခဲ့ရတဲ့ ထူးချွန်တဲ့ အမျိုးသမီးတစ်ဦး” ဟု ချီးကျူးခဲ့သည်။ ထို့အတူ မာချာဒိုကလည်း ဗင်နီဇွဲလားနိုင်ငံ လွတ်မြောက်ရေးအတွက် သမ္မတထရမ့်၏ ပြတ်သားသည့် လုပ်ဆောင်ချက်များကို အသိအမှတ်ပြု သောအားဖြင့် ၎င်း၏ နိုဗယ်ဆုတံဆိပ်ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မာချာဒိုသည် ဗင်နီဇွဲလား အာဏာရှင် နီကိုးလပ်စ် မာဒူရိုကို ဆန့်ကျင်ကာ ဒီမိုကရေစီအတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့မှုကြောင့် ၂၀၂၅ ခုနှစ်တွင် နိုဗယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ ဗင်နီဇွဲလား နိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် နှစ်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲဝင်ခဲ့သည့် မာချာဒိုသည် ၂၀၂၄ ခုနှစ်က အတိုက်အခံ သမ္မတလောင်းအဖြစ် အနိုင်ရရှိခဲ့သော်လည်း အာဏာရှင် မာဒူရိုအစိုးရက သူမကို နိုင်ငံရေးလုပ်ကိုင်ခွင့် ၁၅ နှစ် ပိတ်ပင်ခဲ့သည်။

 

“ကျွန်မ အိမ်ဖြူတော်ကို ရောက်ခဲ့တာဟာ ဗင်နီဇွဲလား ပြည်သူတွေကို ကိုယ်စားပြုပြီး သွားခဲ့တာပါ။ ဗင်နီဇွဲလားနိုင်ငံဟာ မကြာခင် လွတ်မြောက်တော့မှာဖြစ်ပြီး အဲဒီလို လွတ်မြောက်ဖို့အတွက် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကူညီပံ့ပိုးမှုတွေနဲ့အတူ ကျွန်မတို့ မနားမနေ ကြိုးစားသွားမှာပါ” ဟု မာချာဒိုက သူမ၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အမေရိကန်တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အာဏာရှင်သမ္မတ မာဒူရိုတို့ ဇနီးမောင်နှံကို ဖမ်းဆီးခဲ့သည်။ သမ္မတထရမ့်သည် မာဒူရိုကို ဖမ်းဆီးပြီးနောက်ပိုင်း နိုဗယ်ဆုရှင် မာချာဒိုကို အိမ်ဖြူတော်တွင် ပထမဆုံးအကြိမ် လူကိုယ်တိုင် လက်ခံ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

 

ယခုကဲ့သို့ ဆုတံဆိပ်ပေးအပ်မှုနှင့် ပတ်သက်၍ နော်ဝေနိုဗယ်ကော်မတီက “နိုဗယ်ဆုသည် လွှဲပြောင်း ပေး၍ရသော ပစ္စည်းမဟုတ်ကြောင်း” နှင့် “တစ်ဦးတစ်ယောက်ချင်းစီ၏ စံပြလုပ်ရပ်နှင့် အရည် အချင်း” ကြောင့် ဂုဏ်ပြုထိုက်သူကိုသာ ပေးအပ်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။ သို့သော်လည်း ဆုတံဆိပ်ကိုမူ တစ်စုံတစ်ဦးအား ဂုဏ်ပြုသည့်အနေဖြင့် အမှတ်တရ ပေးအပ်နိုင်ကြောင်း ဆိုထားသည်။

 

သမ္မတထရမ့်သည် မာချာဒိုကို လူကိုယ်တိုင် တွေ့ဆုံခဲ့သော်လည်း လက်ရှိတွင် ဗင်နီဇွဲလား၏ အိမ်စောင့် အစိုးရ ခေါင်းဆောင်အဖြစ် ဒယ်လ်စီ ရိုဒရီဂွက်စ်ကို ဆက်လက်ထောက်ခံထားဆဲ ဖြစ်ကြောင်း သိရသည်။

ကိုးကား – The White House, María Corina Machado