ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

 

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေထိုင်သည့် မြန်မာနိုင်ငံသားများအကြား ခိုက်ရန်ဖြစ်ပွား မှုများ ဆက်တိုက်ပေါ်ပေါက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အကြောင်းအရာများသည် အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကာ နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများ ရှိလာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများမှ သတိပေးထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ထိုင်းဥပဒေကို အထူးလေးစားလိုက်နာရန် ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်ညက ချွန်ပူရီခရိုင်၊ ဖန်ထောင်မြို့တွင် မြန်မာအလုပ်သမား ၁၀၀ နီးပါး အုပ်စုဖွဲ့ရန်ဖြစ်ခဲ့သလို စတွန်ခရိုင်တွင်လည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားတစ်ဦးက ကားနှင့် ဆိုင်ကယ် ၁၉ စီးကို ရိုက်ခွဲဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။

“ဒီဖြစ်စဉ်တွေက ရိုးရိုးသာမန်တော့မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ အဲ့ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ နောက် ကွယ်က ခိုင်းစေမှုတွေရှိနိုင်တယ်။ အတွင်းထဲကို ထည့်ထားတဲ့ ဒလျှို ဒလန်တွေရဲ့ သွေးခွဲ သပ်လျှိုမှု တွေနဲ့ ပြသနာကိုတနေ့တခြားပိုဖြစ်လာအောင်လုပ်ဆောင်လာတဲ့ အခြေအနေမျိုးကို တွေ့ရတယ်” ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် အေအေစီကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပေါက်ကိုယ်တော်ကဲ့သို့ စစ်အုပ်စုဒေါက်တိုင် ဘုန်းကြီးအဖွဲ့နှင့် မဘသ အဖွဲ့ဝင်များက ထိုင်းလူမျိုး များနှင့် မြန်မာနိုင်ငံသားများအကြား ရန်တိုက်ပေးကာ ထိုင်းရောက် တော်လှန်ရေး အားပေးသူများ၊ ထောက်ပို့များနှင့် အများအကျိုးပြုလုပ်ဆောင်သူများ နေထိုင်ရခက်ခဲစေရန် လုပ်ဆောင်မည့် အစီအစဉ် များရှိကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

 

ထို့အပြင် စစ်အုပ်စုလက်အောက်ခံ မြန်မာသံရုံးနှင့် နီးစပ်သူအချို့ကလည်း ထိုင်း Facebook Page အယောင်ဆောင်ကာ အမုန်းစကားများနှင့် သွေးထိုးလှုံ့ဆော်မှုများကို ထိုင်းဘာသာစကားဖြင့် ပျံ့နှံ့အောင် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ပြုလုပ်နေသည့် ထိုင်းဘာသာစကားအသုံးပြုသည့် လူမှုကွန်ရက် စာမျက်နှာများကို လေ့လာ ကြည့်ပါက အချို့စာမျက်နှာများမှာ ယခင်က မြန်မာသတင်းများတင်ဆက်ခဲ့သည်ကို တွေ့ရကြောင်း ကိုရဲမင်းထံမှ သိရသည်။

 

“အရင်ကလည်း ဒီလိုပြဿနာတွေ ရှိပေမဲ့ အခုဟာက ရည်ရွယ်ချက်ရှိရှိနဲ့ မီးမွှေးပေးနေတာ။ ထိုင်းထဲမှာ ရောက်နေတဲ့ မြန်မာတွေ ခလောက်ဆန်အောင်၊ နောက်ဆုံး ကမ္ဘောဒီးယားတွေကို ထိုင်းက နှင်ထုတ်သလိုမျိုး မြန်မာတွေ ပြန်ပြေးလာအောင် အကွက်ချ လုပ်လာတာ” ဟု ကိုရဲမင်းကဆိုသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း အာဏာသိမ်းစစ်တပ်၏ ဖိနှိပ်မှုများ၊ စီးပွားရေးအခွင့်အလမ်းရှား ပါးမှုများကြောင့် နိုင်ငံသားအများအပြားမှာ ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းကာ အလုပ်အကိုင်ရှာဖွေခြင်း၊ ခိုလှုံခြင်းများ ပြုလုပ်ခဲ့ကြရသည်။

 

ထိုသို့သော အခြေအနေများကြောင့် NUG က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် တရား ဥပဒေနှင့် မညီသည့်ကိစ္စရပ်များတွင် ပါဝင်ခြင်းမပြုရန်၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ကိစ္စရပ်များတွင် ပါဝင်ခြင်းမပြုရန်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစည်းကမ်းများကို လိုက်နာရန်၊ အိမ်ရှင်လူနေမှုအသိုင်း အဝိုင်းနှင့် လိုက်လျောညီထွေနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

“နဂိုကတည်းက နေရထိုင်ရ ကျပ်နေတာကို အခုလို ပြဿနာတွေ နေ့တိုင်းဖြစ်နေတော့ အဆင်မပြေဘူး။ မဲဆောက်မှာနေတာဆိုတော့ ပိုဆိုးတယ်။ အခုထက် ပိုနေရကျပ်မှာတော့ စိုးရိမ်တယ်” ဟု မဲဆောက် မြို့နေ မြန်မာအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဇန်နဝါရီ ၁၂ ရက်နေ့က စမွတ်ပရာကန်တွင်ဖြစ်ပွားခဲ့သော မြန်မာ ခြောက်ဦးက ထိုင်း သုံး ဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်မှာ ထိုင်းလူမျိုးများအကြား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး မြန်မာ များအပေါ် ဝေဖန်မှု မြင့်တက်နေသည့်အတွက် အခြေအနေ ပိုမိုဆိုးရွားလာမည်ကို ထိုင်းရောက်မြန်မာ များက စိုးရိမ်လျက်ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်