‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၁၁ရက်

‎ပြည်သူများ တက်ရောက်ဆေးကုသနေသော မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲချတိုက်ခိုက်ခဲ့သည့် အတွက် အတွင်းလူနာ ၃၃ဦးအထိသေဆုံးခဲ့ကြောင်း သိရသည်။

‎ယမန်နေ့ ဒီဇင်ဘာ ၁၀ရက် ည ၉နာရီ ၁၃မိနစ်တွင် တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာဖြင့် မြောက်ဦး ပြည်သူ့ဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ရာ တက်‌ရောက်ဆေးကုသနေသော လူနာ ၃၃ဦးသေဆုံးပြီး ၇၆‌ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများ၏ ဖော်ပြချက်အရ သိရသည်။

‎စစ်‌ကော်မရှင်သည် ပြည်သူ့ဆေးရုံပေါ်သို့ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံ လူနာဆောင်များ မီးလောင် ပြိုကျ ပျက်စီးခဲ့ပြီး အတွင်းလူနာများ သေဆုံးမှုများပြားခဲ့သည်။

‎”လူနာဆောင်ပေါ် ဗုံးတစ်လုံးတည့်တည့်ကျတယ်။ နောက်တစ်လုံးက အဆောင်တွေရှေ့ကိုကျတယ်။ သေတဲ့သူတွေထဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါ ပါတယ်” ဟု မြောက်ဦးရှိ လူမှုကူညီရေးများ လုပ်ဆောင်နေသူများနှင့် နီးစပ်သူထံမှ သိရသည်။

‎စစ်ကော်မရှင်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆေးကုသမှု ခံယူနေသူ ပြည်သူများကို ပစ်မှတ်ထားကာ ဆေးရုံကို ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ AAထိန်းချုပ်ရာဒေသများမှ ဆေးရုံ၊ ကျောင်းနှင့် ဈေးများကို ဦးတည်ပြီး စစ်ကော် မရှင်က ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသည်။

ရွေးကောက်ပွဲနီးလာချိန်တွင် စစ်ကော်မရှင်က ရခိုင်ပြည်နယ်နှင့် အစပ်တိုက်ပွဲများကို စစ်အင်အား မြှင့်လာသည့်အပြင် ပြည်နယ်အတွင်းကိုလည်း လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတို့မှ တိုက်ခိုက်လာခြင်းဖြစ်သည်။

ဓာတ်ပုံ- One Nation News
‎ပုံစာ-မြောက်ဦးပြည်သူ့ဆေးရုံ ဗုံးကြံခံရပြီးနောက် တွေ့မြင်ရသည့် အပျက်အစီးများ