ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

 

နိုင်ငံတဝန်းရှိ ပြည်သူများ ပြုလုပ်နေသည့် အသံတိတ် သပိတ်ကို ဦးဆောင်ဆော်ဩသူ ဒေါက်တာတေဇာဆန်းအပါအဝင် ၁၀ ဦးနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တို့အား ရွေးကောက်ပွဲ ဥပဒေများဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်လာသည်။

 

အာဏာသိမ်းပြီးနောက် ပြန်လည်ပြုလုပ်မည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဆန့်ကျင်သည့်အနေဖြင့် ဒေါက်တာတေဇာဆန်း ဦးဆောင်သောအဖွဲ့သည် မန္တလေးတိုင်း၊ ချမ်း အေးသာစံမြို့နယ်တွင် ဒီဇင်ဘာ ၃ ရက်က ဆန္ဒပြ၍ ပြည်သူများ အသံတိတ်သပိတ် ပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။

ထို့ကြောင့် ဒေါက်တာတေဇာဆန်း၊ ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်း၊ ကိုထက်မြတ်အောင်၊ မမေချီ (ခ)ချီချီ၊ မရွှန်း (ခ)ရွှန်းရွှန်းနှင့် အမျိုးသားလေးဦး(စိစစ်ဆဲ) စုစုပေါင်း ၁၀ ဦးတို့ကို ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၃(ခ)ဖြင့် ချမ်းအေးသာစံမြို့နယ် နယ်မြေရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ဆိုသည်။

 

ထို့အပြင် ကချင်ပြည်နယ်၊ ရွှေကူမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မြိုင်ကို ၎င်းနေအိမ်၌ရှိနေစဉ် KIA တပ်ဖွဲ့ဝင်သုံးဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ရွေးကောက်ပွဲတွင် မပါဝင်ရန် ခြိမ်းခြောက်သည်ဟု စစ်ကော်မရှင်က စွပ်စွဲ၍ ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ ဟိုပင်မြို့ ခုနစ်မိုင်ကျေးရွာနေ ရပ်/ကျေးစာရေး ဒေါ်မိုးမိုးအောင်(ခ)မမိုးကိုလည်း နေအိမ်၌ရှိနေစဉ် သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားလေးဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး မဲစာရင်းစာရွက် ထုပ်နှင့်အတူ ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ဖော်ပြသည်။

 

ယင်းနောက် တောတွင်းအရောက်၌ မဲစာရင်းများကို မီးရှို့ဖျက်ဆီးပြီး ၎င်းအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် မပါဝင်ရန် ခြိမ်းခြောက်ပြောဆို၍ ပြန်လွှတ်ပေးခဲ့သဖြင့် အဆိုပါ အမျိုးသားလေးဦး (စိစစ်ဆဲ)ကို ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၄(ခ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

ထို့အတူ စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲကို လက်မခံဆန့်ကျင်သော ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ တာမွေနှင့် ဗိုလ်တထောင်မြို့နယ်တို့မှ ပြည်သူများအား အမှုဖွင့် ဖမ်းဆီးထား သလို ပါတီဆိုင်းဘုတ်များ ဖျက်ဆီးသူတို့ကိုလည်း အမှုဖွင့်ထားသည်။