ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုကို အသံတိတ်သပိတ် (Silent Strike) ဖြင့် ဆန္ဒဖော်ထုတ်မည်ဟု ပြောကြားခဲ့သည်။

 

လူ့အခွင့်အရေးပြည့်ပြည့်ဝဝရရှိရေးအတွက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေချိန်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသရန် ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အသံတိတ်သပိတ် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

ပြည်သူလူထုတစ်ရပ်လုံးက စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ခိုင်ခိုင်မာမာ သပိတ်မှောက်ကြောင်း ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ အသံတိတ်သပိတ် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း မန်းဝင်းခိုင်သန်းက ပြောသည်။

NUG ဝန်ကြီးချုပ်က “ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ပြည်သူ့ အင်အားကို ပြသခဲ့တဲ့ လူထုလှုံ့ဆော်မှု၊ လှုပ်ရှားမှုတွေထဲက အရေးပါဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး လှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့ ‘အသံတိတ်သပိတ်’ (Silent Strike) ကို ကျွန်တော်တို့ ဒီကနေ့မှာ ပြန်လည်ဆင်နွှဲကြတော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

ထိုသို့ ဆန္ဒထုတ်ဖော်ခြင်းဖြင့် စစ်ကော်မရှင် စီစဉ်နေသည့် ရွေးကောက်ပွဲသည် လူထုဆန္ဒလုံးဝ မပါဝင်ကြောင်း ပြသမည်ဖြစ်ပြီး စစ်အုပ်စု၏ နိုင်ငံရေးလုပ်ငန်းစဉ်ကို လူထုတိုက်ပွဲနည်းဖြင့် ရိုက်ချိုးကာ ရွေးကောက်ပွဲ၏ တရားဝင်မှုမရှိကြောင်းကို နိုင်ငံတကာက သိရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။

 

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စစ်အုပ်စုကို သတိပေးသည့်အနေဖြင့် “ပြည်သူ့ဆန္ဒကို ဖျက်ဆီးပြီး အာဏာကို သိမ်းပိုက်နေတဲ့ စစ်အုပ်စုအတွက် ကျွန်တော်တို့ရဲ့ တိတ်ဆိတ်ခြင်းဟာ အသံအကျယ် ဆုံးသော သတိပေးခေါင်းလောင်းသံ ဖြစ်စေရပါမယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

 

လက်ရှိ တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုများ ဖော်ဆောင်ခဲ့သည့် သပိတ်များသည် အလွန်ကြီးမားသည့် လူထုလှုပ်ရှားနည်းတစ်ခုဖြစ်ပြီး နိုင်ငံသားညီအစ်ကိုမောင်နှမများအားလုံး စည်းလုံး ညီညွတ်စွာ ပါဝင်ခြင်းဖြင့် အာဏာရှင်စနစ်ကို မုချကျဆုံးစေကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သစ်ကို မုချတည်ထောင်နိုင်မည်ဟု ယုံကြည်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။

ဓာတ်ပုံ – NUG , တော်လှန်ရေးအဖွဲ့