‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၁၀ ရက်

‎မကွေးတိုင်း၊ ပဒါန်းတပ်နယ်၊ နတ်ရေကန်ဗျူဟာကုန်းမှ လွှတ်တင်လိုက်သည့် စစ်ကော်မရှင်၏ တိုက်ခိုက်ရေး ဒရုန်း အကြီးစားတစ်ခုကို AAက တိုက်ခိုက်ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

‎ဒီဇင်ဘာ ၈ရက်နေ့ ညပိုင်းအချိန်က ဂုတ်ကြီးကျေးရွာအနီးကို တိုက်ခိုက်ဗုံးကြဲရန် လာသည့် ဒရုန်းအကြီးစားကို AAက ဂျန်မာနည်းပညာသုံး၍ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

‎စစ်ကော်မရှင်က နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူပို့သည့်စစ်ကြောင်းများကို AAက ကြားဖြတ်တိုက်ခိုက်နေရာ ပစီနှင့် ဂုတ်ကြီးကျေးရွာအနီးတွင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

‎”စစ်တပ်ဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းနဲ့ ဒရုန်းအသုံးပြုပြီး ခုခံတိုက်ခိုက်နေတယ်။ ခဲယမ်းဖြည့်တင်းတဲ့ လမ်းကြောင်းတွေကို AAက ပိတ်ဆို့ဖြတ်တောက်ဖို့ကြိုးစားနေတယ်။ ဒရုန်းပစ်ချလိုက်တယ်လို့တော့ ကြားတယ်ခင်ဗျ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပြီးခဲ့သည့် ဒီဇင်ဘာ ၅ရက်နေ့က ပစီကျေးရွာဘက်မှတက်လာသည့် အင်အား ၇၀ကျော်ပါ စစ်ကြောင်းကို AAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်က လေကြောင်း ပစ်ကူပါပေးခဲ့ကြောင်း သိရသည်။

‎ဆုံကုန်းအမြောက်တပ်မှနေ၍ တိုက်ပွဲဖြစ်ပွားရာနှင့် AAတပ်များ သိမ်းပိုက်ထားသည့် ကာကင်းစခန်းများကို လက်နက်ကြီးပစ်ကူများဆက်တိုက်ပစ်ကူပေးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူပို့နိုင်ရန် စစ်ကော်မရှင်က စစ်မှုထမ်းတပ်သားသစ်များကို အင်အားအလုံးအရင်းအသုံးပြုထားပြီး အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အတွင်း အင်အားစုဖွဲ့ကာ စေလွှတ်နေကြောင်း သိရသည်။

‎စစ်ကူစစ်ကြောင်းနှင့် ခဲယမ်းပါယာဉ်တန်းများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁ရက်နေ့နှင့် ၃ရက်နေ့တို့တွင် စစ်ကော်မရှင်က လမ်းသစ်နှင့် လမ်းဟောင်းတို့မှနေ၍ ပို့ဆောင်ခဲ့သည်။