ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

စစ်ကော်မရှင်သည် လားရှိုးမြို့နယ်အတွင်းရှိ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်နယ်မြေများအတွင်း ဝင်ရောက်၍ ၎င်းတို့၏ ရွေးကောက်ပွဲအတုနှင့် မဲပေးစနစ်များ အကြောင်းကို ရှင်းပြခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ MNDAA ထိန်းချုပ်ထားသော ကျေးရွာများတွင် အီလက်ထရောနစ် မဲပေးစနစ် အသုံးပြုပုံများကို လုံခြုံရေးဖြင့် ဝင်ရောက်ရှင်းပြမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“အီလက်ထရောနစ်မဲပေးတဲ့စနစ်အကြောင်း လိုက်ရှင်းပြနေတယ်။ လားရှိုးမြို့ပေါ်က မဲ တွေအပြင် ကျေးရွာက မဲ တွေကိုပါလိုချင်လို့ အဲဒီလိုလိုက်ရှင်းပြတာ။ လားရှိုးမြို့ပေါ်ကို မဲလာပေးခိုင်မယ် ထင်တယ်။ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ရွာတွေထဲကနေပြီး မဲလိုချင်လို့ မဲလိုက်စုနေတာ”ဟု လားရှိုးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် နမ့်ပေါင်၊ ဟိုယ၊ လွယ်ငင်း၊ သံလွင်၊ မန်ပျဉ်၊ မယ်ဟန် စသည့်ကျေးရွာများ အတွင်းဝင်ရောက်၍ မဲပေးနည်းစနစ်များကို ပြောပြသွားခဲ့ပြီး လားရှိုးမြို့ပေါ်တွင်လည်း မဲစာရင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့မဲစာရင်းစစ်ဆေးရန်အတွက် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး (လဝက) ဝန်ထမ်းများကို MNDAA အစောင့်အရှောက်နှင့် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။

MNDAA သည် လားရှိုးမြို့ကို စစ်ကော်မရှင်ထံ လွှဲပြောင်းပေးအပ်ထားသော်လည်း စစ်ကော်မရှင်က မြို့ပေါ်ရပ်ကွက်များကိုသာ ထိန်းချုပ်ထားပြီး ကျန်သည့်ကျေးရွာများတွင် MNDAA တပ်များက နေရာယူထားခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် လားရှိုးမြို့ပေါ်ရပ်ကွက်များတွင် သာမက MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ များ အထိပါ ရွေးကောက်ပွဲအတုကျင်းပ၍ မဲအရေအတွက် များများ ရယူသွားရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဓာတ်ပုံ-စစ်ကော်မရှင် (ပုံဟောင်း)