ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်
တော်လှန်ရေးတပ်များစိုးမိုးထားသည့် စဉ့်ကူးမြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ်များ အင်အားအလုံး အရင်းသုံး၍ ထိုးဖောက်ဝင်ရောက်နေကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့က စဉ့်ကူးမြို့နယ် ရွှေပြည်ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့များ ရောက်ရှိလာကြောင်း သတင်းရင်းမြစ်ထံမှသိရသည်။
“စစ်တပ်က မတ္တရာနဲ့သပိတ်ကျင်းကိုသိမ်းပြီးနောက်မှာ တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ဒေသတွေကို ဆက်ပြီးထိုးစစ်ဆင်လာတယ်။ စဉ့်ကူးမြို့နယ်ထဲက သရော်ပင်ရွာကိုလည်း ပြန်သိမ်းသွားပြီ။ မန္တလေး-မိုးကုတ် ကားလမ်းဘက်ကး ကျေးရွာတွေဘက်ကနေ စစ်ကြောင်းထိုး တက်လာနေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွှေပြည်ကျးရွာကိုပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့က စစ်ကော်မရှင်၏ ကင်းထောက်တပ်ဖွဲ့ဝင်အချို့ ဝင်ရောက်နေရာယူထားပြီး ခြေကုပ်ယူထားခြင်းမရှိဘဲ ၈ ရက်နေ့တွင် တပ်ဖွဲ့ဝင်သစ်များ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
စစ်ကော်မရှင်၏ စစ်ကြောင်းများမှာ အင်အားရာနှင့်ချီ ပါဝင်ကြပြီး ပတ်လည်အင်းရွာမှထွက်လာသည့် စစ်ကြောင်းနှင့် မတ္တရာအနောက်ဘက်ရှိ စကျင်ကျေးရွာနှင့် မြွေပုံကန်ကျေးရွာတို့မှ ထွက်လာသည့် စစ် ကြောင်းနှစ်ကြောင်းတို့ဖြင့် စဉ့်ကူးမြို့နယ်အတွင်းကို ထိုးဖောက်ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါဝင်ရောက်လာသည့်စစ်ကြောင်းများကို စဉ့်ကူးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက ခုခံကာကွယ်နေသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကစတင်ကာ စဉ့်ကူးဘက်ကို စစ်ကော်မရှင်က ထိုးစစ်ဆင်ရန်ပြင်ဆင်နေခဲ့ပြီး စစ်ကိုင်းနှင့် မန္တလေးဆက်သွယ်ထားသည့် ရတနာသိင်္ခတံတားကိုပါ မိုင်းခွဲဖျက်ဆီးခဲ့သည်။
စစ်ကော်မရှင်က တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် သပိတ်ကျင်း၊ မတ္တရာတို့ကို သိမ်းပိုက်ပြီးနောက် စဉ့်ကူးမြို့နယ်ကိုပါ အင်အားအလုံးအရင်းဖြင့် ထိုးဖောက်ဝင်ရောက်လာပြီး အင်အားရာချီပါသည့် စစ်ကြောင်းများအပြင် သံချပ်ကာကားများကိုပါ သပိတ်ကျင်းမြိုနယ်အတွင်း စစ်အင်အား ပြင်ဆင်ထားကြောင်း သိရသည်။