ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

 

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အသံတိတ်သပိတ် ( silent strike) ပြုလုပ်မည်ဖြစ်ပြီး ယင်းနေ့တွင် စည်ကားရေးအတွက် စစ်ကော်မရှင်ဘက်က ပြင်ဆင်နေမှုများရှိကြောင်း သတင်းရရှိသည်။

 

ယင်းနေ့တွင်လူစည်ကားရာနေရာများတွင် နေ့စားများဖြင့် လူသွား၊လူလာများပြားစေရေး စည်းရုံးမှုများရှိပြီး ပါတီစည်းရုံးရေးဆင်းသူများဆက်ရှိနေနိုင်ကြောင်း တတ်ကြွလှုပ်ရှားသူတစ်ဦးက ပြောကြားသည်။

 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီမှ လူထုတွေ့ဆုံပွဲကျင်းပရန် ပြင်ဆင်ထားကြောင်းသိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အားကောင်းရာနယ်မြေများ နှင့် ရန်ကုန်မြို့တွင် Silent strike အတွက် ပြည်သူများပါဝင်နိုင်ရေး တော်လှန်ရေးအနုပညာရှင်များအပါအဝင် တတ်ကြွလှုပ်ရှားသူများက အသိပညာပေး လှုပ်ရှားမှုများရှိကြောင်းသိရသည်။

 

“ ဒီ ၁၀ ရက်နေ့မှာလျှပ်စစ်ပစ္စည်းအရောင်းဆိုင်အသစ်တစ်ခုဖွင့်ဖို့ပြင်ထားတာရှိတယ်။ ဆိုင်အပြင်အဆင်အားလုံးပြီးသွားပြီ။ ဒါပေမဲ့ အသံတိတ်သပိတ်ကြေညာလိုက်တော့ ဆိုင်ဖွင့်ဖို့နောက် ဆုတ်လိုက်တယ်” ဟု ရန်ကုန်မြို့ခံဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးက ပြောကြားသည်။

 

လက်ရှိတွင်အသံတိတ်သပိတ်နှင့်ပတ်သက်ပြီး ပြည်သူများနှိုးနှိုးကြားကြားရှိနေကာ အပြင်မထွက်ဘဲ ဆန္ဒပြရန်ပြင်ဆင်မှုများရှိနေကြောင်း ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင်အသံတိတ်သပိတ်နေ့အတွက် ကုမ္ပဏီများပိတ်၊ ဈေးဆိုင်ပိတ်ရန်မလိုအပ်ဘဲ အများပြည်သူများ လမ်းပေါ်မရှိရန်သာလိုအပ်ကြောင်း တော်လှန်ရေးတွင်ပါဝင်သူများက ပြောကြားထားသည်။

 

မန္တလေးမြို့ရှိ ကျောက်မျက်ရတနာဆိုင်တစ်ဆိုင်သည် Silent strike နေ့တွင် ဆိုင်ပိတ်မည်ဟုကြေညာပြီးနောက် စစ်ကော်မရှင်က ပိတ်သိမ်းလိုက်ပြီး အဆိုပါနေ့တွင် ကုမ္ပဏီပိတ်၊ဈေးဆိုင်ပိတ်မည့်သူများကို စစ်ကော်မရှင်ကအရေးယူရန်ပြောကြားထား ကြောင်းသိရသည်။

 

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အသံတိတ်သပိတ် ( silent strike) ကို နံနက် ၁၀ မှ ညနေ ၃ နာရီအထိ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်သည်။

 

၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းမှာချီတက်ဆန္ဒပြပွဲပြုလုပ်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားရသည့်ကျောင်းသားများလွတ်မြောက်ရေး၊ အာဏာရှင်အစိုးရနှုတ် ထွက်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက်တောင်းဆိုခဲ့ကြသည့် (10 D) လှုပ်ရှားမှုနေ့တစ်ခုဖြစ်ကြောင်းသိရသည်။

 

ဓာတ်ပုံ – တော်လှန်ရေးအင်အားစု