ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
စစ်တွေမြို့ရှိ စစ်ကော်မရှင်၏ ဒေသကွပ်ကဲမှုဆိုင်ရာ ဌာနချုပ်ကို AAပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲသည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်မှုများကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ရက်နေ့ ညပိုင်းအချိန်က စစ်တွေမြို့စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ပြီးနောက် AA ဘက်ကလည်း ဒကစအတွင်းကို ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”ဒကစထဲကို AAက ရက်ခြားလို ပြန်လည်ပစ်ခတ်ထားတော့ တပ်မိသားစုဝင်အချို့ကိုပြောင်းရွှေ့ထုတ်ယူထားတယ်။ ၇ရက်နေ့က ပစ်ချက်တွေမှာ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်မှုပြီးနောက် စစ်တွေမြို့အတွင်း လူနာတင်ယာဉ်များ အသွားအလာရှုပ်ထွေးသွားသည်ဟု မျက်မြင်ဒေသခံများ၏ ပြောပြချက်ကို Lay Wady FM ကအတည်ပြုဖော်ပြထားသည်။
ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို လူနာတင်ယာဉ်နှင့် ခေါ်ယူသွားသလို စစ်သုံးကားများဖြင့်လည်း တင်ဆောင်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂ရက်နေ့ကလည်း စစ်တွေ ဒကစအတွင်းကို AAကလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
စစ်ကော်မရှင်က နိုဝင်ဘာလအတွင်းမှစကာ AAထိန်းချုပ်သည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်များကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး AAက ဒကစရှိရာကို ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
စစ်တွေမြို့ရှိ တပ်ရင်း၊ တပ်ဌာနချုပ်များကို စစ်ကော်မရှင်က ကာကွယ်ရေးများအဆင့်မြှင့်ထားပြီး မြေအောက် ဥမင်လှိုဏ်ခေါင်းများပါဖောက်၍ စစ်ရေးပြင်ဆင်ထားကြောင်း သိရသည်။
မြို့အစပ်ရှိ ကျေးရွာအများစုကိုလည်း အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခဲ့ပြီး ကာကင်းစခန်းများ အခိုင်အမာတည်ဆောက်ထားကြောင်း သိရသည်။