ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

လူစွမ်းအားအရင်းအမြစ်အပါအဝင် ဘဏ္ဍာငွေလိုအပ်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရကို ဌာနများလျော့ချကာ ပထမအဆင့်ပြောင်းလဲဖွဲ့စည်းပြီးနောက် ဒုတိယအဆင့်တွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်ရေးအတွက် အဖွဲ့ဖွဲ့စည်းပြီးပြင်ဆင်နေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူသို့ပြောသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသားမဟာမိတ်တော်လှန်ရေး အင်အားစုခေါင်းဆောင်များနှင့် စုဖွဲနိုင်သည့်နိုင်ငံရေးလုပ်ငန်းစဉ်ကို အထူးအားစိုက်ပြီးဦးဆောင်နိုင်ရန် အဖွဲ့အစည်းတစ်ရပ် ပြင်ဆင်နေပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မိမိရဲ့အတ္တနဲ့ မိမိရဲ့လမ်းစဉ်ကို တရားသေဆုပ်ကိုင်အထားဘဲ ပြည်သူ့အကျိုးအတွက် ပြည်သူ့ဒုက္ခတွေကိုငဲ့ပြီး အချင်းချင်းညီညွတ်ရေးကိုဗဟိုပြုကြဖို့အထူးမေတ္တာရပ်ခံပြောကြားလိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

လက်ရှိအစိုးရအဖွဲ့ပြုပြင်ပြောင်းရေးကို လုပ်ငန်းစဉ်သုံးရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မဟာဗျူဟာပြုပြင်ပြောင်းလဲရေး (strategic reform)၊ မဟာဗျူဟာနှင့် အညီအစိုးရဖွဲ့စည်းပုံ ပြောင်းလဲရေး( structural reform ) နှင့် အစိုးရဖွဲ့စည်းပုံအတိုင်းကဏ္ဍာအလိုက်ပြုပြင်ပြောင်းလဲရေး (sectoral reform) တို့ဖြစ်ကြောင်းသိရသည်။

ထို့ပြင်နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် ဘဏ္ဍာရေးကဏ္ဍများပါဝင်ကြောင်းသိရသည်။

ယင်းပြင်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်အတူ ယုံကြည်မှု တည်ဆောက်ပြီး အာဏာရှင်စနစ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ကတိပြုပြောကြားခဲ့သည်။

ဓာတ်ပုံ – NUG