ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

 

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစစ်ပွဲအတွင်း ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ်တစ်စီးမှာ ကမ္ဘောဒီးယား နိုင်ငံအတွင်းရှိ ကာစီနိုရုံကို ဝင်ရောက် ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ‌တော်ဝင်ထိုင်းစစ်တပ်က ပြောဆိုခဲ့သည်။

 

အဆိုပါကာစီနိုသည် ကမ္ဘောဒီးယားမှ ဒရုန်းထိန်းချုပ်ရေးစင်တာအဖြစ်ပြောင်းလဲကာ အသုံးပြုနေသည့် နယ်စပ်ဒေသမှ ကာစီနိုရုံတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံသားများအတွက် ခြိမ်းခြောက်မှု ဖြစ်စေနေသည့်အတွက် ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အဓိကရည်မှန်းချက်ကတော့ ကမ္ဘောဒီးယားရဲ့ ပစ်ခတ်တဲ့ထောက်ပံ့ရေးစနစ်တွေက်ု တက်နိုင်သလောက် များများဖျက်ဆီးနိုင်ဖို့ပါ” ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။

ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့တွင်လည်း ကမ္ဘောဒီးယားဘက်မှ ဒုံးကျည်များ၊ အသေခံဒရုန်းများ၊ လက်နက်ကြီးများဖြင့် ထိုင်းအရှေ့မြောက်ပိုင်းပြည်နယ်သုံးခုကို ပစ်မှတ်ထား ပစ်ခတ်ခဲ့ပြီး နှစ်နိုင်ငံ မြေပြင်တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

နှစ်ဖက်တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုများကြောင့် ထိုင်းစစ်သား သုံးဦးသေဆုံးကြောင်း ထိုင်းဘက်မှထုတ်ပြန်ထားပြီး ကမ္ဘောဒီးယားဘက်မှလည်း အရပ်သား ခြောက်ဦးအထိ သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

 

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှာ ပြီးခဲ့သည့်ဇူလိုင်လကစတင်ကာ နယ်စပ်အငြင်းပွားမှုများကြောင့် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ပြေငြိမ်းခဲ့သော်လည်း ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုးကား – Bangkok Post