ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၇ ရက်)

မိသားစုဘဝလေး တည်ဆောက်ထားကြတဲ့ စုံတွဲတွေ ရင်သွေးယူဖို့ ပြင်ဆင်တဲ့အခါမှာ ဆရာဝန်နဲ့ ကျန်းမာရေးတိုင်ပင်ဆွေးနွေးကြတာဟာ အရေးကြီးပါတယ်။ အမျိုးသမီးတွေသာမကဘဲ အိမ်ထောင် ရှင် အမျိုးသားတွေအနေနဲ့လည်း ကျန်းမာတဲ့ဖခင်တစ်ဦး ဖြစ်လာစေဖို့ စနစ်တကျ ပြင်ဆင်နေထိုင်ဖို့ လိုအပ်ပါတယ်။

ဖခင်တစ်ဦး ဖြစ်လာဖို့ စိတ်ဆုံးဖြတ်ချက်နဲ့ ငွေကြေးပြင်ဆင်မှုများသာမကဘဲ အမျိုးသားမျိုးဆက် ပွားကျန်းမာရေးကိုပါ အလေးထား ပြင်ဆင်ရမှာပါ။ ကျန်းမာသန်စွမ်းပြီး အရည်အသွေးမီတဲ့ ဖိုမျိုးကောင် သုက် (sperm) များ ထုတ်လုပ်နိုင်မှသာ ကျန်းမာတဲ့ သားသမီးရတနာတွေကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ သုက်အရည်အသွေးနဲ့ မျိုးအောင်နိုင်စွမ်းကို ထိန်းသိမ်းဖို့က အမျိုးသားတွေရဲ့ တာဝန်တစ်ရပ်ဖြစ်ပြီး မိမိကိုယ်တိုင်ကလည်း သန်စွမ်းကျန်းမာနေဖို့ အစဉ်အမြဲ ဂရုစိုက်နေရပါမယ်။

🟥ဘဝနေထိုင်မှုပုံစံနှင့် သုက်အရည်အသွေး (Lifestyle & Sperm Quality)

နေ့စဉ်နေထိုင်မှုပုံစံတွေဟာ သုက်ကောင် အရေအတွက်ပမာဏ၊ ပုံသဏ္ဍာန်နှင့် လှုပ်ရှားနိုင်စွမ်းတို့အပေါ် တိုက်ရိုက် သက်ရောက်နေပါတယ်။ ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ သုက်ရည် ၁ မီလီလီတာမှာ အနည်းဆုံး သုက်ကောင် ၁၅ မီလီယံနှင့်အထက် ရှိရမှာ ဖြစ်ပါတယ်။ သုက်ကောင်မှာ ရှိသင့်ရှိထိုက်တဲ့ ပုံသဏ္ဍာန်နဲ့ လှုပ်ရှားနိုင်စွမ်းလည်း ရှိပါမှ သန္ဓေအောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးကို မထိန်းသိမ်းနိုင်ပါက အမျိုးသားရဲ့ကျန်းမာရေးကြောင့် သန္ဓေရဖို့ ခက်ခဲတတ်ပါတယ်။

🟥ကျန်းမာတဲ့ဖခင်ဖြစ်ဖို့ ပြင်ဆင်ရမယ့်နည်းလမ်းများ

မျှတသော အာဟာရ စားသုံးရပါမယ်။ အမျိုးသားကျန်းမာရေးအတွက်လိုအပ်တဲ့ ဖြည့်စွက်အာဟာရ တွေကို ပြည့်ဝအောင်စားသုံးသင့်ပါတယ်။ ခရုကမာကောင် ဥအမျိုးမျိုးနဲ့ ခွံမာသီးတွေမှာ သွပ်ဓာတ် (Zinc) ပေါကြွယ်ဝပါတယ်။ အရည်ရွှမ်းတဲ့အချဉ်သီးတွေ ဘယ်ရီသီးတွေ အယ်မွန်စေ့ (‌almonds) တွေမှာ ဗစ်တာမင် စီ နဲ့ ဗစ်တာမင်အီး ပါဝင်နေပါတယ်။ အစိမ်းရောင်အရွက်တွေ ပဲအမျိုးမျိုးမှာ ဖောလစ်အက်ဆစ် (Folic Acid) ပါဝင်နေပါတယ်။ ဆယ်လမွန်ငါး ဆာဒင်းငါး ငါးကြီးဆီ ပင်ပွား‌စေ့ (ချီယားစေ့) တွေမှာ အိုမီဂါသရီး (Omega 3 Fatty acids) ကြွယ်ဝပါတယ်။ အရောင်စုံသစ်သီးဝလံတွေ ဟင်းသီးဟင်းရွက်တွေမှာ ဓာတ်တိုးဆန့်ကျင် (antioxidants) တွေပါဝင်နေပါတယ်။

ဒီလိုအစားအစာတွေကို မှန်ကန်ပြည်စုံအောင်ရွေးချယ်စားသောက်မယ်ဆိုရင်တော့ သုက်ပုံသဏ္ဍာန် အရေအတွက် အရည်အသွေး တိုးတက်စေပါလိမ့်မယ်။

🟥ကိုယ်အလေးချိန်နှင့် လေ့ကျင့်ခန်း

ကျန်းမာတဲ့ကိုယ်အလေးချိန်မှာ ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။အဝလွန်ခြင်း (သို့) ပိန်လွန်းခြင်းတို့က အမျိုးသားရဲ့ ဟော်မုန်းမျှတမှုကို ပျက်ပြားစေပြီး သုက်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။ ကျန်းမာသော ကိုယ်အလေးချိန်ညွှန်းကိန်း (BMI) ရရှိအောင် ထိန်းသိမ်းရပါမယ်။

ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်အလေးချိန်ကို ထိန်းပေးပြီး သုက်အရည်အသွေးကို မြှင့်တင် ပေးနိုင်ပါတယ်။ တစ်ပတ်လျှင် လေးရက်မှ ငါးရက်ခန့် လှုပ်ရှားအားကစား လုပ်ပေးသင့်ပါတယ်။ စက်ဘီးအကြာကြီးစီးခြင်းကဲ့သို့ အလွန်အမင်း ပြင်းထန်သော လေ့ကျင့်ခန်းများကိုတော့ ရှောင်သင့်ပါတယ်။ အမျိုးသားအင်္ဂါ (ဝှေးစေ့ကို) ထိခိုက် ဖိအားပေးမည့် အခြေအနေများကို ရှောင်ရှားရပါမယ်။

🟥စိတ်ဖိစီးမှုနှင့် အိပ်စက်ခြင်း

ရေရှည် စိတ်ဖိစီးမှုဟာ ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကို လျော့ကျ စေနိုင်ပါတယ်။ တရားထိုင်ခြင်း၊ အနားယူခြင်း စတဲ့ နည်းလမ်းများဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။ အိပ်စက်ချိန် မလုံလောက်ခြင်းနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်မှု မရခြင်းကြောင့် အမျိုးသားဟော်မုန်း (Testosterone level) ကျဆင်းစေနိုင်ပါတယ်။ ကျန်းမာတဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် ခုနစ်နာရီမှ ကိုးနာရီ အနားယူဖို့ လိုအပ်ပါတယ်။

🟥အပူနှင့် ဝှေးစေ့ကျန်းမာရေး (Heat & Testicular Health)

သုက်ထုတ်လုပ်မှုအတွက် အကောင်းဆုံးအပူချိန်က ခန္ဓာကိုယ်တွင်း ပုံမှန်အပူချိန်ထက် အနည်းငယ် ပိုအေးဖို့ လိုအပ်ပါတယ်။

ပူလွန်းသော ရေနွေးစိမ်ခြင်း၊ ချွေးထုတ်ခန်း အသုံးပြုခြင်း (Hot Tubs/Saunas)၊ အချိန်အကြာကြီး ထိုင်၍လုပ်ရသောအလုပ်များ၊ Laptops ကွန်ပျူတာကို ပေါင်ပေါ်တင်ပြီး အသုံးပြုခြင်း၊ ကြပ်လွန်းသော အတွင်းခံဘောင်းဘီဝတ်ခြင်းတို့က ဝှေးစေ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အတွင်းခံရွေးချယ်တဲ့အခါမှာလည်း လေဝင်လေထွက်ကောင်းပြီး ပွသော ချည်သားဘောင်းဘီတို (boxer shorts) တွေကို ဝတ်ဆင်သင့်ပါတယ်။

🟥ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးများ

ဆေးလိပ် (သို့) Vape သောက်ခြင်းတွေက သုက်ရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ အရည်အသွေးကို လျော့ကျစေပြီး သုက်အတွင်းရှိ မျိုးရိုးဗီဇ (DNA) ကို ပျက်စီးစေတာကြောင့် ကိုယ်ဝန်ရယူဖို့ ကြိုးစားနေပါက လုံးဝ ဖြတ်သင့်ပါတယ်။

အရက်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးသူ အမျိုးသားတွေမှာ ဖိုဟော်မုန်း (Testosterone) နည်းပါးပြီး သုက်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။ ဖခင်ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အရက်သောက်ခြင်းကို လျှော့ချသင့်ပါတယ်။

ကိုကင်းနှင့် ဆေးခြောက် (Marijuana) အပါအဝင် တရားမဝင် မူးယစ်ဆေးဝါးတွေကလည်း သုက်အရည်အသွေးကို သိသိသာသာ လျော့ကျစေပါတယ်။

🟥ဓာတုပစ္စည်းများနှင့် ဆေးဝါးများ

ပိုးသတ်ဆေး ပေါင်းသတ်ဆေးများ ၊ ခဲ (lead)၊ ပြဒါး (mercury ) စက်ရုံလုပ်ငန်းသုံး ဓာတုပစ္စည်းများ၊ အခြားအဆိပ်သင့်လွယ် ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းကြောင့် သုက်ထုတ်လုပ်မှုထိခိုက်ပြီး မျိုးအောင်နိုင်စွမ်းကျဆင်းတတ်ပါတယ်။

ဝိတ်မပြီး ခန္ဓာကိုယ်တောင့်တင်းဖို့ သုံးတဲ့ အမျိုးသားဟော်မုန်းဆေးတွေ (Anabolic Steroids) က သုက်ပမာဏကို သိသာစွာ ကျဆင်းစေလို့ ရှောင်ရပါမယ်။

အချို့သော မှိုသတ်ဆေးများ၊ ဆံပင်ပေါက်ဆေးများ၊ အစာအိမ်ရောဂါကုဆေး၊ ဆီးဆေးစတဲ့ ဆေးဝါးတွေကြောင့်လည်း သုက်ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်ပါက အခြားဆေးဝါးများဖြင့် အစားထိုးရမှာဖြစ်ပါတယ်။

🟥ကျန်းမာရေး ထိန်းချုပ်မှုနှင့် ဆေးစစ်ခြင်း

ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လည်ပင်းသိုင်းရွိုက်ရောဂါများ၊ ရေမုတ်၊ သွေးမုတ်၊ အူကျွံခြင်းနှင့် သွေးကြောဖောင်းရောဂါများ ရှိနေပါက အမျိုးသားမျိုးဆက်ပွားကျန်းမာရေးကို ထိခိုက် စေနိုင်တာကြောင့် စနစ်တကျ ထိန်းချုပ်ကုသရပါမယ်။

ဖခင်ဖြစ်ရန် ကြိုးစားနေသည့် အသက် ၃၅ နှစ်ကျော် အမျိုးသားတွေ နှင့် ကိုယ်ဝန်ရရှိဖို့ တစ်နှစ်ကြာ ကြိုးစားသော်လည်း မအောင်မြင်ခဲ့သော အမျိုးသားတွေမှာတော့ သုက်ခွဲခြမ်းစိတ်ဖြာ စစ်ဆေးခြင်း (Semen Analysis) ကို ပြုလုပ်သင့်ပါတယ်။ ဒါမှသာ သုက်ပမာဏအရေအတွက်၊ လှုပ်ရှားနိုင်စွမ်းနှင့် ပုံသဏ္ဍာန် စတဲ့ဆေးစစ်ချက်အဖြေများကို ရမှာဖြစ်ပါတယ်။

ကျန်းမာသန်စွမ်းသော ဖခင်တစ်ဦးဖြစ်ရန် ပြင်ဆင်ဖို့ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ယနေ့မှစပြီး ပြောင်းလဲလိုက်ပါ။ ဆေးလိပ်နှင့် အရက်ကို ရှောင်ပါ။ လိုအပ်တဲ့ အမျိုးသားဖြည့်စွက် အာဟာရနှင့် ဆေးဝါးအကူအညီများ ရယူလိုပါက ဆရာဝန်များဖြင့် တိုင်ပင်ဆွေးနွေးဖို့ အကြံပြု လိုက်ပါတယ်။

အမျိုးသားများလည်း ကျန်းမာသန်စွမ်းတဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်ဖို့ အကောင်းဆုံး ပြင်ဆင်နိုင်ကြပါစေ။

နောက်တစ်ပတ်မှာတော့ “ဆောင်းရာသီအအေးဒဏ်ကို ကျော်လွှားခြင်း” ဆောင်းပါးကို ဆက်လက် ဖော်ပြသွားမှာပါ။ ဧရာဝတီတိုင်းမ် ပရိသတ်များလည်း ကိုယ်ကာယကျန်းမာရေးသုခတွေ ရရှိနိုင်ကြပါစေခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာသောဖခင်ဖြစ်စေဖို့ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာ စွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေး အသိ ပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ်သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့ တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေး အသိပညာများ ရယူနိုင် ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)