ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
နတ်ရေဗျူဟာကုန်းကို ဆက်တိုက်ပို့လွှတ်ခဲ့သည့် စစ်ကူစစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၆ရက်နေ့နှင့် ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့တို့တွင် နတ်ရေကန်ဗျူဟာတစ်ဝိုက်၌ တိုက်လေယာဥ်များဖြင့် ဆက်တိုက်တိုက်ခိုက်မှုများရှိနေပြီး ဆုံကုန်းအမြောက်စခန်းများဘက်မှနေ၍လည်း လက်နက်ကြီးပစ်ကူများ ပေးလျက်ရှိကြောင်း သိရသည်။
“အမြောက်တပ်နှစ်ခုကနေ လက်နက်ကြီးဆက်တိုက်ပစ်ပေးတယ်။ တိုက်လေယာဥ်တွေလည်း ဆက်တိုက်တက်နေပြီး လေကြောင်းပစ်ခတ်မှုတွေ လုပ်နေတဲ့အတွက် တက်သွားတဲ့စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်နေရပြီဆိုတာ သေချာပါတယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒီဇင်ဘာလအစမှနေ၍ ပို့လွှတ်လိုက်သည့် စစ်ကူတပ်များနှင့် AA ပူးပေါင်းတပ်ဖွဲ့တို့ မြေပြင်ထိတွေ့မှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ဆုံကုန်းအမြောက်တပ် မစခ ၉၀၅ မှနေ၍ ရိက္ခာခဲယမ်းနှင့် စစ်အင်အားပို့ကာ စစ်ယာဥ်တန်းသုံးစီး ပဇီလမ်းဟောင်းမှနေ၍ ရိုးမပေါ်သို့တက်သွားကြောင်းသိရသည်။
ထို့အပြင် အင်အားပြည့်တင်ဆောင်လာသည့် စစ်ယာဥ်တန်း ရှစ်စီးမှာ ဇင်ပြွန်းကျေးရွာမှတစ်ဆင့် လမ်းသစ်အတိုင်း ငါးစီး လမ်းဟောင်းဘက်မှနေ၍ သုံးစီး နတ်ရေကန်ဘက်သို့ တက်သွားခဲ့သည်။
နတ်ရေကန်ဗျူဟာ၏ ကာကင်းစခန်းအားလုံးနီးပါးမှာ AA တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်ရောက်ရှိသွားပြီး ခမောက်တောင်စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။
အဆိုပါ ခမောက်တောင်စခန်းကိုလည်း AA နှင့်ပူးပေါင်းတပ်ဖွဲ့များက ဘက်ပေါင်းစုံမှနေ၍ ပိတ်ဆို့တိုက်ခိုက်နေသည်။
စစ်ကော်မရှင်က ပိတ်မိနေသည့်စစ်ကြောင်းများကို စစ်ကူနှင့်ခဲယမ်းပို့ရန် လမ်းသစ်နှင့် လမ်းဟောင်းနှစ်ခုကို အသုံးပြုရန်ကြိုးစားနေသော်လည်း ဂုတ်ကြီးနှင့် ပဇီကျေးရွာကိုမကျော်နိုင်ဘဲ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်။