ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
မိုးကုတ်မြို့ပြင်တွင် ထိတွေ့တိုက်ပွဲများရှိနေပြီး စစ်ကော်မရှင်၏ အရေးကြီးစစ်စခန်းတစ်ခုကို တော်လှန် ရေးတပ်များက သိမ်းပိုက်ထားနိုင်သော်လည်း မြို့နှင့်အနီးဝန်းကျင်ကို စစ်ကော်မရှင်က တပ်ဖြန့် လာနိုင် ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်တပ်များသည် မိုးကုတ်မြို့နှင့် ၁၁ မိုင်အကွာအဝေးအထိ တပ်ဖြန့်နေရာယူထားပြီး ကျောက်ဖားနယ်မြေကိုမူ တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။ မိုးကုတ် ဆတ်အင်းပြန့်လမ်းဆုံ စစ်ဆေးရေးဂိတ်တွင်မူ စစ်ကော်မရှင်၏ တပ်စိပ်အဆင့်ရှိ အစုအဖွဲ့တစ်ခု အခိုင်အမာ ခြေကုပ် ယူလာကြောင်း သိရသည်။
တပ်ဖြန့်နေရာယူထားသော စစ်ကော်မရှင်တပ်များသည် ပြောင်ခေါင်းလမ်းခွဲအတက်မှနေ၍ တရုတ် သင်္ချိုင်းအတွင်းထိ ကာကင်းစခန်းများကို ထပ်မံအခြေပြုတည်ဆောက်လာနိုင်ကြောင်း သတင်းရင်းမြစ် က ဆိုသည်။
တော်လှန်ရေးတပ်များက ရှမ်းကုန်းဆံကျေးရွာဘက်မှနေ၍ လေသာတောင်ကြောဘက်ခြမ်းကို အင်အား ဖြည့်လာနိုင်ခြေရှိသည့် အခြေအနေကို စစ်ကော်မရှင်ဘက်မှ အတည်ပြုထောက်လှမ်းချက်နှင့် သတင်း အတိ အကျရယူထားပြီးဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က အသိပေးပြောဆိုထားသည်။
တော်လှန်ရေးတပ်များနေရာယူထားသည်ဟုဆိုကာ ကျောက်ဆင်ဒီ ဘော်မားရွာများကို စစ်ကော်မရှင်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးကုတ်မြို့အနောက်ခြမ်း ကြပ်ပြင်ရွာဘက်တွင် ထိတွေ့မှုကြီးမားခဲ့ကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တော်လှန်ရေးတပ်ဖွဲ့များကို ကျည်တစ် ချက်မဖောက်ရန် သတိပေးတားမြစ်ခဲ့သည့်အတွက် တော်လှန်ရေးတပ်များ မြို့ပြင်ဆုတ်ခွာ နေထိုင်ချိန်တွင် စစ်ကော်မရှင်က မြို့ပြင်အထိစစ်ကြောင်းထိုး တပ်ဖြန့်လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်သည်။
စစ်ကော်မရှင်တပ်သည် မိုးကုတ်မြို့အတွင်းရှိ အစိုးရရုံးဆိုင်ရာ နေရာအချို့တွင် နေရာယူထားခြင်း များရှိသော်လည်း လှုပ်ရှားမှုမရှိသလို မြို့တွင်း တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိသေးကြောင်း မိုးကုတ်မြို့ခံများထံမှ သိရသည်။
ပုံစာ-လက်ရှိမိုးကုတ်မြို့အခြေအနေကိုတွေ့ရစဉ်။