ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
စစ်ကော်မရှင်၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက) ဝန်ထမ်းများသည် MNDAA ၏ လုံခြုံရေးယူပေးမှုကြောင့် MNDAA ထိန်းချုပ်နယ်မြေဖြစ်သော လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာ အချို့သို့ ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင် လဝက ဝန်ထမ်းများသည် ဒီဇင်ဘာလ ပထမပတ်အတွင်းက လားရှိုးမြို့နယ်အတွင်းရှိ နောင်မွန်၊ မယ်ဟန်၊ ခေးနင်း စသည့် ကျေးရွာများသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးထားသည့် အနေအထားဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
လဝက ဝန်ထမ်းများသည် ရောက်ရှိလာပြီးနောက် အိမ်ထောင်စုနှင့် သန်းခေါင်စာရင်းကောက်ယူမှုများ ရှိနေပြီး ၎င်းသည် တစ်ဆင့်တက်ကာ စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြုလုပ်လာနိုင်ခြေရှိကြောင်း ဒေသခံများက ဆိုသည်။
“တိုက်ပွဲဖြစ်နေတဲ့နေရာတွေ၊ အခြားဒေသတွေမှာ မဲပုံးမထောင်ဘူးဆိုရင် ရှမ်းမြောက်ထဲက ငါး မြို့နယ် လောက်ထိ စစ်တပ်က မဲပုံးထောင်နိုင်တယ်။ ရွေးကောက်ပွဲနယ်မြေအဖြစ် စာရင်းသွင်း နိုင်တယ်”ဟု ရှမ်းမြောက်ရှိ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
MNDAA သည် လားရှိုးမြို့ကို စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးအပ်ထားသည်ဟု ဆိုသော်လည်း မြို့ပေါ်ရပ်ကွက်များကိုသာ စစ်ကော်မရှင်က ထိန်းချုပ်ထားပြီး ကျန်သည့် ကျေးရွာများကိုမူ MNDAA တပ်များက နေရာယူထားသည်။
ယခု ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် စစ်ကော်မရှင်က ၎င်းတို့လက်အောက်ခံ လဝက ဝန်ထမ်းများကို MNDAA ထိန်းချုပ်နယ်မြေများအထိ လုံခြုံရေးအကူအညီဖြင့် ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ရှမ်းမြောက် လားရှိုးမြို့၏ ရေပူစမ်း စစ်ဆေးရေးဂိတ်တွင်လည်း တရားမ ဝင်ကုန်သွယ်ရေး ခေါင်းစဉ်တပ်ပြီး အစစ်အဆေးတင်းကျပ်မှုများ ပြုလုပ်လာနိုင်သည်ဟု လားရှိုးရှိ သတင်းရင်းမြစ်က ဆိုသည်။
ပုံစာ-လားရှိုးတွင်တွေ့ရသည့် MNDAA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)