ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

ပန်းတောင်းတပ်နယ်ရှိ ပွိုင့် ၆၆၆ စခန်းမှနေ၍ ပန်းကန်ကွဲရိုးပေါ်အထိ တိုက်စစ်ဆင်ရန် ထွက်လာသည့် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အထိနာရပ်တန့်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့မှစ၍ ပွိုင့် ၆၆၆ စခန်းမှ ထွက်လာသည့်စစ်ကြောင်းနှင့် AA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့အထိ ဆင်လန်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

“ဆင်လန်ဘက်ကနေ လေသာတောင်ဘက်ကို ဒရုန်းတွေနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်လာတယ်။ ညောင်ကျိုးစခန်းကို ပြန်ပြီးချဉ်းကပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောတယ်။ ၆၆၆ ခြေကုပ်စခန်းကနေ တန်ပြန်တိုက်စစ်ဆင်တယ်ဆိုပြီးစစ်ကြောင်းတွေထွက်လာတာ တိုက်ခိုက်ခံရလို့ညောင်ခြေထောက်ဘက်ထွက်ပြေးနေရတယ်”ဟု စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပွိုင့် ၆၆၆ စခန်းမှ စစ်ကော်မရှင်ခြေကုပ်ယူထားသည့် ဆင်လန်နှင့် ညောင်ခြေထောက်ဘက်သို့ စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားကာ ကစဉ့်ကလျားထွက်ပြေးကြခြင်းဖြစ်သည်။

အဆိုပါ စခန်းကုန်းမှ ထွက်လာသည့်စစ်ကြောင်းမှာ မသုန်ချောင်းကိုဖြတ်ပြီး ညောင်ကျိုးရိုးပေါ်အထိတက်ရန်ကြိုးစားနေသည်ဟု သိရပြီး အင်အား ၁၀၀ ခန့်မှာ ရိက္ခာပြတ်လပ်သည့်အတွက် ညောင်ခြေထောက် ကပစ ၆ ဘက်သို့ ထွက်ခွာလာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

AA ပြန်လည်လက်လွှတ်လိုက်၍ စစ်ကော်မရှင်နေရာပြန်ယူထားသည့် ပွိုင့် ၆၆၆ စခန်းတွင် အင်အား ၃၀၀ ခန့်ပိတ်မိနေပြီး ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်လာသည့်အတွက် စစ်ကြောင်းလိုက် ညောင်ခြေထောက်ဘက်သို့ ထွက်လာခြင်းဖြစ်သည်ဟုသိရသည်။

စစ်မကော်မရှင်က စစ်ကြောင်းများကို ညောင်ကျိုးရိုးပေါ်နှင့် လေသာတောင်တစ်ဝိုက် စစ်ကြောင်းထိုးနိုင်ရန် အင်အားအလုံးအရင်းဖြင့် တက်ရန်ကြိုးစားနေသော်လည်း AA တပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကြောင်းများရှေ့ဆက်မတိုးနိုင်ဘဲ အထိနာရပ်တန့်နေခြင်းဖြစ်သည်။

ဆင်လန်နှင့် ညောင်ခြေထောက်ကြားတွင် စစ်ကော်မရှင်က ကာကင်းစခန်းများ ခုခံရေးအတွက် လက်နက်ကြီးအချို့ပါ ထားရှိပြီး အင်အားဖြည့်ထားသည့်အပြင် ပွိုင့် ၆၆၆ စခန်းကိုလည်း လက်နက်ကြီးစခန်းအဖြစ် အခိုင်အမာခြေကုပ်ယူ ခုခံနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ဓာတ်ပုံ-AAတပ်ဖွဲ့ဝင်များ(ပုံဟောင်း)