ဧရာ၀တီတိုင်းမ်
(တောင်ငူ)၊ဒီဇင်ဘာ ၇ ရက်

 

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာထိပ်တွင် တည်ရှိသော ကင်းဆိပ်သင်္ချိုင်းတွင် နေထိုင်ကြ သည်ဟု ယုံကြည်ရသော ပရလောကသားများသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ညွှန်ကြားခဲ့သည့် မီးရထားလမ်းသစ် စီမံကိန်းဧရိယာနှင့် မလွတ်သည့်အတွက် ပြောင်းရွှေ့ ခံရကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ သင်္ချိုင်းသည် ကင်းဆိပ်အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာ၏ အပိုင်ဖြစ်ပြီး မီးရထားလမ်းသစ် ဖောက်လုပ်မည့်နေရာနှင့် တိုက်ရိုက်ထိမိနေသောကြောင့် သတ်မှတ်နေရာသစ်သို့ ပြောင်းရွေ့ပေးရခြင်း ဖြစ်သည်။

“သချိုင်း အကုန်ပါသလား၊ တစ်ခြမ်းပါသလား အတိအကျတော့ မသိသေးဘူး။ ဒါပေမဲ့ ပရလောက သားတွေအတွက် အကျွတ်အလွတ်ပွဲ နဲ့ ပြောင်းရွေ့ဖို့တော့ လုပ်ဆောင်နေကြပြီ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ပရလောကသားများအား လှသိန်းတန် ဆရာတော်ကြီးမှ မေတ္တာပေးသနား၍ ညပိုင်းတွင် ကျွေးမွေးဧည့်ခံခြင်းနှင့် လမ်းသွားလမ်းလာများအား နှောင့်ယှက်ခြင်း မပြုရန် စည်းတားခြင်းများ ပြုလုပ် ထားကြောင်း သိရသည်။

 

ထို့ပြင် ပရလောကသားများ ကျွတ်တန်းဝင်စေရန်အတွက် ၅ ရက်တိတိ အကျွတ်အလွတ်ပွဲနှင့် အမျှ အတန်းပေးဝေခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကျွတ်တန်းမဝင်ဘဲ ကျန်ရှိသည့် ပရလောကသား များကိုလည်း သတ်မှတ်နေရာသစ်သို့ ရွှေ့ပြောင်းပေးသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သင်္ချိုင်းကို ဖယ်ရှားရသည့် မီးရထားလမ်းသစ် စီမံကိန်းသည် တောင်ငူမြို့ရှိ ပြေငြိမ်းတံတားမှ ကျေးတောဘူတာသို့ ဆက်သွယ်မည့် မြို့ရှောင်ရထားလမ်း ဖြစ်သည်။

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နှစ် ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က တောင်ငူသို့ လာရောက်စဉ် ယင်းစီမံကိန်းကို လုပ်ဆောင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

 

ပုံစာ-တောင်ငူဘူတာမှ ရန်ကုန်ဘူတာကြီးအထိ ရထားစီးနင်းနေသော စစ်ခေါင်းဆောင်ကို ဩဂုတ်လ အတွင်းက တွေ့ရစဉ်၊ တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းကိုတွေ့ရစဉ်။