နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ၎င်းတို့ စီစဉ်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အတွက် ကြေညာထားသည့် မြို့နယ်ပေါင်း ၂၀၂ မြို့နယ်အနက် ရန်ကုန်တိုင်းနှင့် နေပြည်တော်မှလွဲ၍ ကျန်ဒေသများရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း ၂,၉၃၁ ခုတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိတော့ကြောင်း ဒီဇင်ဘာ ၅ ရက်နေ့က ဝန်ခံထုတ်ပြန်ခဲ့သည်။

အာဏာသိမ်း စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပိုင်း (၁) (မြို့နယ် ၁၀၂ ခု) နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် အပိုင်း (၂) (မြို့နယ် ၁၀၀ ခု) စုစုပေါင်း မြို့နယ် ၂၀၂ ခုတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် လုံခြုံရေးအခြေအနေအရ “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိ” သဖြင့် နယ်မြေများစွာကို ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UEC ၏ ထုတ်ပြန်ချက်အရ ကျင်းပနိုင်ခြင်းမရှိတော့သည့် နယ်မြေ စုစုပေါင်း ၂,၉၃၁ ခုအနက် ရပ်ကွက် ၁၆၁ ခုနှင့် ကျေးရွာအုပ်စု ၂,၇၇၀ ခု ပါဝင်ပြီး၊ ၎င်းတို့သည် တိုင်းနှင့် ပြည်နယ် ၁၃ ခုတွင် အများဆုံး အခြေစိုက်လျက်ရှိသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အများဆုံး ပါဝင်သော ဒေသများမှာ စစ်ကိုင်းတိုင်း၉၀၂ ခု၊ မကွေးတိုင်း ၆၈၇ ခု ၊ မန္တလေးတိုင်း ၂၃၆ ခု နှင့် ရှမ်းပြည်နယ် ၂၁၂ ခု တို့ဖြစ်သည်။

ထို့ပြင် ပဲခူး ၁၉၇ ခု၊ ကရင် ၁၅၆ ခု၊ မွန် ၁၄၀ ခု၊ ကချင် ၁၀၆ ခု၊ ချင်း ၈၆ ခု၊ တနင်္သာရီ ၈၃ ခု၊ ရခိုင် ၇၁ ခု၊ ကရင်နီ (ကယား) ၅၁ ခုနှင့် ဧရာဝတီ ၄ ခု တို့တွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း သိရသည်။ ရန်ကုန်နှင့် နေပြည်တော်တွင်မူ ရာခိုင်နှုန်းပြည့် ကျင်းပနိုင်မည်ဟု UEC က ဖော်ပြထားသည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်မည့် မြို့နယ် ၁၀၂ မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု စုစုပေါင်း ၁,၄၃၈ ခု တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်းသိရသည်။ ရခိုင်ပြည်နယ်ကျောက်ဖြူနှင့် စစ်တွေမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု ၇၁ ခုတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ပေ။

အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီတွင် ရွေးကောက်ပွဲ အပိုင်း (၂) ပြုလုပ်ရန် စီစဉ်နေသော မြို့နယ် ၁၀၀ အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု စုစုပေါင်း ၁,၄၉၃ ခု၌လည်း ကျင်းပနိုင်ခြင်း မရှိတော့ဟု UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကော်မရှင်က ရပ်ကွက်/ကျေးရွာအုပ်စု ၃,၀၀၀ နီးပါးတွင် ၎င်းတို့၏ ရွေးကောက်ပွဲအတုကို ပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ ဖယ်ရှားလိုက်ခြင်းသည် နိုင်ငံ၏ ထက်ဝက်ကျော်သော ဒေသများတွင် လုံခြုံရေး ထိန်းချုပ်နိုင်မှု မရှိတော့ကြောင်း တရားဝင် ဝန်ခံလိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏ ရွေးကောက်ပွဲများ အပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာက ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

ဓာတ်ပုံ-MOI