ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

 

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာကို စစ်ကော်မရှင်က ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့၊ နေ့လယ်ပိုင်းအချိန်က စက်တပ်လေထီး ဂျိုင်ရိုကော်ပတာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တောင်ငူလေတပ်မှ ထွက်ခွာလာသည့် ဂျိုင်ရိုကော်ပတာနှစ်စီးအနက် တစ်စီးမှာ ညောင်ပင်သာရွာဆေးပေးခန်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM ဆရာဝန်တစ်ဦးနှင့် ဆေးခန်းမှဆေးဝန်ထမ်း နှစ် ဦး သေဆုံးခဲ့ပြီး ‌လူနာ သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

 

“ရွာဆေးခန်းပါ။ စက်တပ် ဂျိုင်ရိုကော်ပတာ ဗုံးချတာထိပြီး ဆရာဝန်တစ်ဦး၊ ဆေးဝန်ထမ်းနှစ်ဦးသေဆုံးတယ်။ တစ်ချိန်ထဲ တပြိုင်ထဲမှာရွာကားလမ်းမဘေး၊ လမ်းဆုံ လမ်းခွတွေကျပြီး ရွာသားနှစ် ဦးသေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဂျိုင်ရိုကော်ပတာဖြင့် ညောင်ပင်သာရွာအတွင်း ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသေဆုံးသည့်အပြင် ဒေသခံ နှစ် ဦးထပ်မံသေဆုံးကာ လေး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

 

စစ်ကော်မရှင်သည် လက်ရှိတွင် ဂျိုင်ရိုကော်ပတာများ၊ ပါရာမော်တာများကဲ့သို့ စက်တပ်လေထီးများကို ပိုမိုအသုံးပြုကာ ပဲခူးတိုင်းအနောက်ခြမ်းနှင့် အရှေ့ခြမ်းဒေသတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ကျေးရွာများကို စစ်ကော်မရှင်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အဆိုပါဂျိုင်ရိုကော်ပတာမှာလည်း ပျက်ကျခဲ့သည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ဓာတ်ပုံ – ပေးပို့