ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ၁၉၇၂ ခုနှစ်ကတည်းက သတ်မှတ်ခဲ့သည့် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ အတွင်း အရက်သေစာရောင်းချခွင့်မရှိသည့် တားမြစ်ချက်ကို နှစ်သစ်ကူးအမှီ ရုတ်သိမ်းပေးမည် ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာတွင် ပြောင်းလဲခဲ့သည့် အရက်ရောင်းချမှုတားမြစ်သည့်အမိန့်ကို စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူအများအပြားကဝေဖန်ခဲ့သည့် အဆိုပါအမိန့်တွင် အရက်ရောင်းချခွင့် တားမြစ်ချိန်အတွင်း အရက်သောက်သုံးပါက ဒဏ်ကြေး ဘတ်ငွေ ၁၀၀၀၀ အထိ ချမှတ်နိုင်ကြောင်း လည်း ပါရှိခဲ့သည်။
သတ်မှတ်ချက်မှာ အရက်ဝယ်သူတစ်ဦးက မွန်းလွဲ ၂ နာရီမတိုင်ခင် ၁နာရီ ၅၉ မိနစ်အထိ အရက်ဝယ်ယူခွင့်ရနေသော်လည်း ၂ နာရီကျော်ပါက သောက်သုံးခွင့်မရှိတော့ပဲ ဒဏ်ကြေးပေးဆောင် ခိုင်းနိုင်သည့်အပေါ် ပြည်သူအများအပြားက ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် မွန်းလွဲ ၂ နာရီမှ ၅ နာရီအတွင်းနှင့် ညသန်းခေါင် ၁၂ နာရီနောက်ပိုင်း အရက် ရောင်းခွင့်မရှိကြောင်း စည်းကမ်းသတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
လက်ရှိပြင်ဆင်ခဲ့သည့် သတ်မှတ်ချက်အသစ်တွင်မူ အစိုးရထံ မှတ်ပုံတင်ထားသည့် ဆိုင်များကိုသာ နေ့လယ်ပိုင်း အရက်ရောင်းချခွင့်ပြုမည်ဖြစ်ကာ ညသန်းခေါင်တွင်လည်း ည ၁ နာရီအထိ ဆိုင်များတွင် အရက်ထိုင်သောက်ခွင့်ပြုမည်ဖြစ်ကြောင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ကျောင်းသားများ ကျောင်းဆင်းချိန်တွင် အရက်သောက်မည်ကို တားမြစ်ရန်ရည်ရွယ်ထားသည့် ၁၉၇၂ ခုနှစ်မှစတင်ခဲ့သည့် အရက်သေစာဝယ်ယူခွင့်တားမြစ်ချက်ကို အဆုံးသတ်ရန်ရည်ရွယ်ခြင်းမှာ ထိုင်းနိုင်ငံတွင်း ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း ထိုင်းအစိုးရက ပြောဆိုခဲ့သည်။
ကိုးကား – Bangkok Post