‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၄ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာစခန်းသည် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ထွက်ပြေးမှုများ ရှိနေသည့်အတွက် စစ်ကော်မရှင်က စစ်ကူအင်အားနှင့် ခဲယမ်းများကို အဆက်မပြတ် ပို့ဆောင်ပေးနေရကြောင်း သိရသည်။

စစ်ကော်မရှင်သည် ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့က နတ်ရေကန်စခန်းသို့ လမ်းသစ်နှင့် လမ်းဟောင်း နှစ်ခုစလုံးမှနေ၍ အင်အားအပြည့်ပါသည့် စစ်ကြောင်းတစ်ခုစီနှင့် ခဲယမ်းများတင်ဆောင်ထားသော အစောင့်အရှောက်လိုက်ပါသည့် စစ်သုံးကားကြီး ငါးစီးစီကို ပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎”ပဇီလမ်းဟောင်းကို အင်အားနဲ့ခဲယမ်းပါ ကားငါးစီး ခြေလျင်စစ်ကြောင်းနဲ့ ဂုတ်ကြီးလမ်းသစ်ကိုလည်း ကား ငါးစီး၊ ခြေလျင် စစ်ကြောင်းထိုးအဲဒီလိုတက်သွားတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပြီးခဲ့သည့် ဒီဇင်ဘာ ၁ရက်နေ့ကလည်း ဂုတ်ကြီးရွာ လမ်းသစ်ဘက်မှနေ၍ စစ်အင်အားအပြည့်ပါ ကားကြီး နှစ်စီးကို နတ်ရေကန်ဘက် ပို့လွှတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကော်မရှင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့က သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ဝေဟင်မှတစ်ဆင့် ရိက္ခာနှင့် ခဲယမ်းအထုပ်များကို နတ်ရေကန်ဗျူဟာသို့ ထပ်မံပို့ဆောင်ခဲ့သည်။ ထိုသို့ပို့ဆောင်ရာတွင် လေယာဉ်ပေါ်မှ ကျလာသည့် ရိက္ခာထုပ်များကို ကောက်ယူသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော် (AA) က လက်နက်ကြီး၊ စနိုက်ဘာတို့ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးမှုများရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်နေ့များက လေကြောင်းမှပို့ဆောင်သည့် ရိက္ခာနှင့် ခဲယမ်းအထုပ်အချို့သည် AA တပ်ဖွဲ့ထံသို့ ရောက်ရှိသွားမှုများလည်း ရှိခဲ့သည်။

‎နတ်ရေကန်တဝိုက်တိုက်ပွဲများတွင် အပြန်အလှန်ပစ်ခတ်မှုများအပြင် နှစ်ဖက်တပ်ဖွဲ့များ ဒရုန်းဗုံးများ ကြဲချခဲ့ကြသည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့မှသေဆုံးမှုများရှိသကဲ့သို့ AA ဘက်မှလည်း ထိခိုက်မှု ရှိကြောင်း သိရသည်။

‎စစ်ကော်မရှင်သည် အောက်တိုဘာ ဒုတိယအပတ်မှစတင်ကာ လက်လွှတ်လိုက်ရသည့် နတ်ရေကန် စခန်း အစိတ်အပိုင်းအချို့တွင် ပိတ်မိနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်မိနိုင်ရန် စစ်ကူအင်အားများကို ဆက်တိုက်ပို့ဆောင်နေခဲ့ခြင်း ဖြစ်သည်။

‎အမြောက်စစ်ဆင်ရေးဌာနချုပ် မစခ ၉၀၅ အတွင်းကို မကွေးတိုင်းအတွင်းမှ တပ်ရင်းတပ်ဖွဲ့များအပြင် အခြားထုတ်နုတ်တပ်များကို ပို့ဆောင် စုဆောင်းထားပြီး နတ်ရေကန်စခန်းဘက်မှ စစ်ကူပေးနေခြင်း ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်