ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ဆင်လန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးတက်လာသည့် စစ်ကော်မ ရှင်တပ်များ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။
စစ်ကော်မရှင်က ကပစ ၆ မှနေ၍ ဆင်လန်ကျေးရွာကို စစ်ကြောင်းထိုးတက်လာသည့်အတွက် AA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ကာ စစ်ကော်မရှင်တပ်သားများ ထိခိုက်သေဆုံးမှုများရှိသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။
“ဆင်လန်က ဆက်တိုက်တက်လာတဲ့ စစ်ကြောင်းတွေကို AA က ခြုံခိုတိုက်ခိုက်ပြီး ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်တဲ့အတွက် စစ်တပ်ဘက်က အထိနာနေတယ်။ ဥသျှစ်ပင်မြို့ အေးသုခသုဿာန်မှာ သဂြိုလ်ဖို့ စစ်ကားအကြီးတွေ တက်လာနေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆင်လန်ကျေးရွာအနီး ရှေ့တိုးတက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ဆက်တိုက်အင်အားဖြည့် တင်းမှုများ ပြုလုပ်နေပြီး AA ကလည်း အဆိုပါစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် တန်ပြန် ထိုးစစ်ဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် တိုက်ပွဲများပြင်းထန်နေခဲ့သည်။
ကပစ ၆ မှနေ၍ ထုတ်နုတ်ထားသည့် အင်အားများကို ဆင်လန်မှတစ်ဆင့် ညောင်ကျိုးအထိ စစ်ကော်မရှင်က စစ်ကြောင်းထိုးတက်စေရန် စီမံထားသည်ဟု သိထားရသော်လည်း လက်ရှိတွင် ဆင်လန်အနီး၌ ရှေ့မတိုးနိုင်ဘဲ ထိခိုက်သေဆုံးမှုများနေခြင်းဖြစ်သည်။
ညောင်ခြေထောက်နှင့် စစ်ကြောင်းထိုးလာသည့် ဆင်လန်လမ်းတစ်လျှောက်တွင် ကာကင်းစခန်းများ၊ ခုခံစစ်အတွက် စခန်းငယ်များကို စစ်ကော်မရှင်က ပြုလုပ်ထားသည်။

AA နောက်ဆုတ်ထား၍ စစ်ကော်မရှင်ကပြန်လည်သိမ်းယူထားသည့် ပွိုင် ၆၆၆ စခန်းကုန်းအနီးတွင်လည်း တိုက်ပွဲအချို့ရှိနေပြီး ညောင်ကျိုးနှင့် လေသာတောင်တစ်ကြောကို ပြန်လည်ရရှိရန် စစ်ကော်မရှင်က စစ်ကြောင်းထိုးမှုများ ပြုလုပ်လာသည့်အတွက် ထိတွေ့တိုက်ပွဲအချို့ ပန်းတောင်းတပ်နယ်အတွင်း ဖြစ်ပွါးနေခြင်းဖြစ်သည်။
ယခုလ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားပြီး ၎င်းတို့လက်လွှတ်ထားရသည့် တောင်ကုတ်တွင်ပါ ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည့်အတွက် ညောင်ကျိုး -တောင်ကုတ်လမ်းကြားကို စိုးမိုးနိုင်ရေး အပြင်း အထန် ကြိုးစားနေခြင်းဖြစ်သည်။
AA က ပဲခူးတိုင်းအတွင်းရှိ စစ်ကော်မရှင်၏ ညောင်ကျိုးကျေးရွာအတွင်းရှိ စစ်စခန်း လေသာတောင်တကြောနှင့် ပွိုင့် ၆၆၆ စခန်းအနီးရှိ ကာကင်းများကို သိမ်းပိုက်ထားသည်။
ပုံစာ- စစ်ကောင်မရှင်တပ် (ပုံဟောင်း)