နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

အာဏာသိမ်း စစ်ကော်မရှင်က မကြာမီ ပြုလုပ်ရန် စီစဉ်နေသော ရွေးကောက်ပွဲကို နှောင့်ယှက်မှုများ ရှိနေသည်ဟု စွပ်စွဲကာ ၎င်းတို့၏ ရွေးကောက်ပွဲ ဥပဒေများဖြင့် အမှုဖွင့် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိ ကြောင်း ယနေ့ ဒီဇင်ဘာ ၃ ရက် ထုတ် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

စစ်ကော်မရှင်က ပြန်လည်ပြုလုပ်မည့် ပြည်သူလက်မခံသော အတုအယောင် ရွေးကောက်ပွဲကို ၎င်းတို့ အသိအမှတ်ပြု နိုင်ငံရေးပါတီများ ဝင်ပြိုင်ကြမည်ဖြစ်ပြီး ပခုက္ကူမြို့ရှိ ကျားဖြူပါတီ အမတ်လောင်း သည် PDF များ၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က စွပ်စွဲထားသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အေးကျွန်းရွာနေ ကျားဖြူပါတီမှ အမတ်လောင်း ဦးဝေလင်းထက် ၃၇ နှစ်သည် နိုဝင်ဘာ ၂၉ ရက်၊ ညနေ ၃ နာရီတွင် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် PDF သုံးဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကော်မရှင်က ဆိုသည်။

ထို့ကြောင့် ရွေးကောက်ပွဲ ဝင်ပြိုင်သွားမည့် အဆိုပါအမတ်လောင်းအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း များ မဆောင်ရွက်နိုင်ရန် ဖမ်းဆီးသွားသည့် PDF သုံးဦး(စိစစ်ဆဲ)ကို ပခုက္ကူရဲစခန်း၌ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းနေကြောင်း ဖော်ပြထားသည်။

အလားတူ ၎င်းတို့လက်အောက်ခံ Non CDM ပညာရေးဝန်ထမ်းဖြစ်သော သရက်မြို့၊ တောင်မင်းတည်း ရပ်နေ အခြေခံပညာအလယ်တန်းကျောင်း (ပိဿလိမ်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအေး၏ လက်ကိုင်ဖုန်းသို့ ခြိမ်းခြောက်စာ ပေးပို့ခဲ့သူ(စိစစ်ဆဲ)ကို ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ထားသည်။

ထို့အပြင် နိုဝင်ဘာ ၁၆ ရက်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အခြေခံပညာ အထက်တန်း ကျောင်း (သိမ်ဇရပ်)မှ Non CDM ဆရာမ ကိုး ဦး စီးနင်းလာသော မော်တော်ယာဉ်ကို ကမ်းနီရွာ တိုးဂိတ်အနီးတွင် သံချောင်းဦးဆောင်သည့် PDF များက တားဆီး၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆိုထားသည်။

ယင်းနောက် Non CDM ဆရာမများကို ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း မပြုလုပ်ရန်နှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆို၍ ပြန်လွတ်ပေးခဲ့သဖြင့် သံချောင်း ဦးဆောင်သည့် PDF များအား ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ထားဟု စစ်ကော်မရှင်က ထုတ်ပြန် သည်။

ထို့အတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ရေလဲကျေးရွာအုပ်စုနှင့် နတ်သံကွင်းကျေးရွာအုပ်စုတို့မှ ကျေးရွာတာဝန်ခံများကိုလည်း တင်ဆန်းဦး ဦးဆောင်သည့် PDF ၊ KNLA ပူးပေါင်းအဖွဲ့က ရင်းတိုက်ကုန်းကျေးရွာသို့ ခေါ်ဆောင်ကာ ရွေးကောက်ပွဲ၌ မပါဝင်ရန်နှင့် ဆန္ဒမဲမပေးရန် ပြောဆိုခဲ့ ကြောင်း သိရသည်။

အဆိုပါ PDF ၊ KNLA ပူးပေါင်းအဖွဲ့တို့ကိုလည်းကောင်း၊ ဟားခါးမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ၏ဖုန်းသို့ ခြိမ်းခြောက်ပြောဆိုခဲ့သူ(စိစစ်ဆဲ) နှင့် လပွတ္တာမြို့နယ်၊ ရေချိုကုန်း ကျေးရွာ ရာအိမ်မှူး၏ နေအိမ်ခြံဝင်းအတွင်း ခြိမ်းခြောက်စာ လာပစ်သွားသူတို့ကို အမှုဖွင့်ထားသည်။

ယင်းအပြင် ရေနံချောင်းနှင့် သန်လျင်မြို့နယ်တို့မှ အမျိုးသား နှစ်ဦးအပါအဝင် ကြည့်မြင်တိုင်မြို့မှ ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးသွားသော အမျိုးသားတစ်ဦးတို့ကိုလည်း စစ်ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေများဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲ ဥပဒေများဖြင့် မြစ်ကြီးနား၊ ဘားအံ၊ ပြည်ကြီးတံခွန်၊ ငွေဆောင်နှင့် ကျွန်းစုမြို့နယ်တို့၌ စိုက်ထူထားသည့် ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်များကို ဖျက်ဆီးသွားကြသော သူများကိုလည်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုများဖွင့်၍ စုံစမ်းနေကြောင်း ထုတ်ပြန်ဖော်ပြသည်။

ဓာတ်ပုံ-MOI