ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ မင်းလက်ပံ (ဖလူး) ဒေသရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားသည့် Shunda Park ကျားဖြန့် (အွန်လိုင်းလိမ်လည်လောင်းကစား) ခြံဝင်းထဲမှ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ကို ဘေးကင်းရာသို့ ပို့ဆောင်ပေးထားပြီး နိုင်ငံပေါင်းစုံမှ လူ ၁၇၇ ဦး က ထိုင်းအာဏာပိုင်များ၏ လက်ခံမှုကို စောင့်ဆိုင်းနေကြောင်း KNU က ထုတ်ပြန်ထားသည်။

 

KNU က နိုဝင်ဘာ ၂၃ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကျားဖြန့်ခြံဝင်းအတွင်းမှ လူများကို ကယ်ထုတ် ခြင်းနှင့် ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံသား ၁,၃၃၃ ဦး အပါအဝင် နိုင်ငံစုံမှ စုစုပေါင်း ၂,၆၄၉ ဦး (ခြံဝင်းအတွင်းရှိ လူ ၃,၉၈၂ ဦးအနက် ၇၄ ရာခိုင်နှုန်း နီးပါး) ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်။

 

ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းရာတွင် ထိုင်းနိုင်ငံသားး ၂၉ ဦး၊ တရုတ်နိုင်ငံသား ၆၉၃ ဦး အပါအဝင် နိုင်ငံပေါင်းစုံမှ စုစုပေါင်း ၃၇၂ ဦး ကို လွှဲပြောင်းပေးထားကြောင်း KNU ထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့က နိုင်ငံပေါင်းစုံပါဝင်သည့် လူပေါင်း ၁၇၇ ဦး ကို ထိုင်းနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန်အတွက် ထိုင်းအာဏာပိုင်များ၏လက်ခံမှုကို သောင်ရင်းမြစ်သောင်ပြင်တွင် စောင့်ဆိုင်းနေခဲ့ပြီး KNU က စောင့်ဆိုင်းနေသူများကို ထမင်းထုပ်များ ဝေပေးခဲ့ကြောင်း သိရသည်။

 

KNU အနေဖြင့် မင်းလက်ပံ ကျားဖြန့်ခြံဝင်းအတွင်းမှ သူများကို လွှဲပြောင်း ကယ်ထုတ်ပေးလျက် ရှိသော်လည်း အဆိုပါခြံဝင်းအတွင်းမှ မထွက်ခွာလိုသူ တရုတ်နိုင်ငံသားအများစု ပါဝင်သည့် လူပေါင်း ၉၄၂ ဦး ရှိနေသေးကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

KNU သည် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့က ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ရာ မင်းလက်ပံရှိ ကျားဖြန် ခြံဝင်းကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့သည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့အစည်းများသည် KNU ထိန်းချုပ်ထားသည့် မင်းလက်ပံဒေသကို စစ်ကြောင်းနှစ်ကြောင်းဖြင့် တိုက်ခိုက်နေပြီး ၎င်းတို့၏ လက်နက်ကြီး ပစ်ခတ်မှု များနှင့် လေကြောင်းတိုက်ခိုက်မှုများမှာ ကျားဖြန့်ခြံဝင်းအနားသို့ ကျရောက်နေကြောင်း KNU ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ထို့ကြောင့် မင်းလက်ပံဒေသ၏ လုံခြုံရေးခြေအနေသည် တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးရွားလာနေပြီး ခြံဝင်းအတွင်း ကျန်ရှိနေသည့် နိုင်ငံပေါင်းစုံမှ လူများအတွက် လုံခြုံရေးအာမခံချက်ပေးနိုင်ရန် ခက်ခဲလျက်ရှိသည်။ KNU အနေဖြင့် မြေပြင် အရပ်သား ဝန်ထမ်းများ၊ စစ်ဘေးရှောင်ပြည်သူများ၏ လုံခြုံရေးကို အဓိကထားရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း အသိပေးထားသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကော်မရှင်တပ်၏ လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ကျရောက်ခဲ့သဖြင့် မြန်မာစစ်ဘေးရှောင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုင်းစစ်တပ်က မီးကျည်ပစ်ဖောက်၍ သတိပေးခဲ့ရကြောင်း သိရသည်။

 

ဓာတ်ပုံ – KNU