ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်
ထိုင်းတောင်ပိုင်းခရိုင်များ ရေကြီးမှုတွင် ရေဘေးသင့်မြန်မာလုပ်သားအများအပြားရှိနေသော်လည်း စစ်ကော်မရှင်၏ မြန်မာသံရုံးက မည်သည့်အကူအညီမှလာရောက်ပေးဆောင်ခြင်းမရှိပဲ နီးစပ်ရာထိုင်းရောက် မြန်မာလူမှုကူညီရေးအသင်းများကသာ သွားရောက်ကူညီပေးနေရကြောင်း သိရသည်။
စစ်ကော်မရှင်သံရုံးက အကူအညီပေးမှုများမလုပ်သော်လည်း ရေဘေးသင့်ပြည်သူများအနေဖြင့် CI စာအုပ်များ၊ နေထိုင်ခွင့်အထောက်များ ရေဘေးကြောင့်ပျက်စီးပါက နီးစပ်ရာCIပြုလုပ်ပေးသည့်စင်တာများတွင် လုပ်ထုံးလုပ်နည်းများအတိုင်းပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထိုသို့ပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းမှာ ၎င်းတို့အခွန်ရရှိရန်ပြောဆိုသည့်နည်းလမ်းသာဖြစ်ပြီး ရေဘေးသင့်ပြည်သူများအတွက် အခမဲ့ပြုလုပ်ပေးမည်ဟု ပြောဆိုထားခြင်းမရှိပေ။

“ရေဘေးကူညီမှုကတော့မလုပ်ဘူးပေါ့နော်။ အလုပ်သမားတွေအပေါ် နည်းမျိုးစုံနဲ့အခွန်ကောက်ရအောင်တော့ စစ်သံရုံးကလုပ်နေတယ်။ အဓိကအကျဆုံးက နေထိုင်ခွင့်တွေအကုန်ရေထဲပါသွားတာကအဓိကပြသနာတက်နေတာပါ။ အဲ့တာကြောင့်မို့ သူတို့လာလှူရင်လည်း ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးက ဆန္ဒပြပြီး ရေဘေးသင့်ပြည်သူတွေကကန့်ကွက်မှာဖြစ်တယ်” ဟု AAC-မဟာမိတ်အဖွဲ့ဦးခိုင်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ထိုင်းတောင်ပိုင်းရေဘေးသင့်မြန်မာနိုင်ငံသားများအနေဖြင့် ပျောက်ဆုံးပျက်စီးခဲ့သည့် နေထိုင်ခွင့် အထောက် အထားများပြန်လည်ပြုလုပ်ရာတွင် ကုန်ကျစရိတ်နှင့် ဝန်ဆောင်ခများ ထပ်မံပေးဆောင်ရမည်ကို စိုးရိမ်လျက်ရှိကြကြောင်းလည်း သိရသည်။
အဆိုပါရေကြီးမှုကြောင့် ရွှေပြောင်းအလုပ်သမားများ ဘေးဒုက္ခကြုံတွေ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားအရေးကူညီဆောင်ရွက်သူများနှင့်ပူးပေါင်းကာ ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုင်းတောင်ပိုင်းရေကြီးရေလျှံမှုကို ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့မှ မြန်မာလုပ်သားများလည်း အများဆုံးရေဘေးသင့်ခဲ့ရပြီး မြန်မာလူမှုကူညီရေးအဖွဲ့များအနေဖြင့် အတက်နိုင်ဆုံးကူညီမှုများပြုလုပ်နေသော်လည်း အကူအညီလိုအပ်နေသည့် နေရာများစွာကျန်ရှိနေသေးကြောင်း သိရသည်။
ထိုင်းတောင်ပိုင်ခရိုင် ၁၀ ခုရေကြေီးရေလျှံမှုတွင် မြန်မာနိုင်ငံသားများလည်း ရေဘေးကြောင့် သေဆုံးသူများထဲတွင်ပါဝင်ခဲ့ပြီး ထိုင်းပြည်သူများအပါအဝင် စုစုပေါင်း ၁၇၆ ဦးနှင့်အထက်သေဆုံးခဲ့ရကြောင်း ထိုင်းသတင်းမီဒီယာများထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်