ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

 

ပုဒ်မ ၅၀၅(က) ၊ ၅၂(ခ) တို့ဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရသည့် ၂၀၁၉ ခုနှစ်၏ မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ပထမဆုရှင် မောင်ကျော်လင်းသန်းသည် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဒိုက်ဦး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

 

မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမဆုရှင် မောင်ကျော်လင်းသန်းသည် ဆေးတက္ကသိုလ် ပထမနှစ်တွင် ပညာသင်ကြားနေစဉ် စစ်တပ်အာဏာသိမ်းမှုတွင် CDM အဖြစ် ပါဝင်ရပ်တည်မှုကြောင့် စစ်ကော်မရှင်တပ်မှ ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။

 

“‌မ‌နေ့က ကျွန်တော့်ညီလေး ကျော်လင်းသန်းဒိုက်ဦး အကျဥ်းထောင်ကနေ လွတ်မြောက်လာပါပြီ”ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မောင်ကျော်လင်းသန်းသည် လူရည်ချွန်အဖြစ် သုံးကြိမ်တိုင် ဆုရရှိထားသူဖြစ်ပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အလုံမြို့နယ်၊ အထက (၄)တွင် ဝင်ရောက်ဖြေဆိုခဲ့ပြီး ဘာသာစုံဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ပထမဆုကို ရရှိခဲ့သူဖြစ်သည်။

 

ဒီဇင်ဘာ ၁ ရက်က မောင်ကျော်လင်းသန်းအပါအဝင် ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၀ ဦး ပြန် လည်လွတ်မြောက်ခဲ့ကြောင်း ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ်သူထံမှ သိရသည်။

 

ထို့အပြင် သာယာဝတီထောင်မှ ၈၃ ဦး၊ မြင်းခြံထောင်မှ ၂၄ ဦး၊ သရက်ထောင်မှ ၄ ဦး၊ အိုးဘိုထောင်မှ ၄၆ ဦး၊ ဒိုက်ဦးထောင်မှ ၅၀ ဦး၊ ရမည်းသင်းထောင်မှ ၃ ဦး နိုင်ကျဉ်းစုစုပေါင်း ၂၀၇ ဦး လွတ်မြောက် ခဲ့ကြောင်း သိရသည်။

 

ပုံစာ-မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ပထမဆုရှင် မောင်ကျော်လင်းသန်း