နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

 

အာဏာသိမ်း စစ်ခေါင်းဆောင်က လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ကိုယ်ခံ ပညာ မဖြစ်မနေ သင်ကြားပေးရမည်ဖြစ်ပြီး ပြည်သူ၏ အမြင်ကောင်းမွန်စေရေး တာဝန်ချိန်တွင် အရက်၊ ဆေးလိပ်၊ ကွမ်း သုံးစွဲမှုများအား ထိန်းသိမ်းသွားရန် မန္တလေးတိုင်းသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။

 

စစ်ခေါင်းဆောင်သည် ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ဇီးပင်ကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းနှင့် ဗဟိုမီးသတ် သင်တန်းကျောင်းတို့ကို သွားရောက်ခဲ့ပြီး ယင်းသို့ ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

“တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေအတွက် အထောက်အကူ ဖြစ်စေဖို့ ကိုယ်ခံပညာရပ်‌ကို သင်တန်းကျောင်းတွေမှာ မဖြစ်မနေ သင်ကြားလေ့ကျင့်ပေးသွားဖို့ လိုတယ်။ သင်ကြားနိုင်ဖို့လည်း ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းနေရမယ်” ဟု ၎င်းက ဆိုသည်။

 

ထို့အပြင် အမျိုးသမီးတပ်ဖွဲ့ဝင်များအပေါ် လေးစားအသိအမှတ်ပြုရန်လိုပြီး မောင်ရင်းနှမစိတ်ဓာတ်ဖြင့် အတူတကွ တာဝန်ထမ်းဆောင်သွားရန်နှင့် “ကူညီပါရစေ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်ကောင်းဖြစ်ရန် ဆက်လက်ပြောကြားသည်။

 

ရဲတပ်ဖွဲ့ဝင်များအပေါ်တွင်လည်း ပြည်သူလူထု၏ အမြင်ကောင်းမွန်စေရေး တာဝန်ထမ်းဆောင်ချိန်တွင် အရက်၊ ဆေးလိပ်၊ ကွမ်း သုံးစွဲမှုများကိုတစ်ဦးချင်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်သည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်ကော်မရှင် လက်အောက်ခံစစ်သား၊ ရဲတပ်ဖွဲ့၊ ပျူစောထီး စသည်တို့က တပ်ဖွဲ့တွင်းရှိ အမျိုးသမီးများအပေါ် ဖိနှိပ်ခွဲခြား၍ လိင်ပိုင်းဆိုင် အကြမ်းဖက်မှုများကို ကျူးလွန်နေသလို ကျေးရွာ မီးရှို့ ပြည်သူများအား ဖမ်းဆီးမုဒိမ်းကျင့် သတ်ဖြတ်လျက်ရှိကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

 

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလ အတွင်းတွင် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) ဖြစ်ရပ်ပေါင်း ၅၅၀ ကျော် အပါအဝင် လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) အမှုပေါင်း ၁,ဝဝဝ ကျော်ကို မှတ် တမ်းတင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းအပြင် ၎င်းတို့ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအတွက် လက် အောက်ခံ နိုင်ငံ့ဝန်ထမ်း အမည်ခံ Non CDM များကို အသုံးချလျက်ရှိပြီး အခြေခံပညာကျောင်းများတွင်လည်း စစ်မှုထမ်း ဥပဒေအပါအဝင် ဝါဒဖြန့်မှုများ ထည့်သွင်းသင်ကြားလျက်ရှိသည်။

 

စစ်ခေါင်းဆောင်ကမူ ပါတီနိုင်ငံရေး ကင်းရှင်းသည့် ဝန်ထမ်းများဖြစ်အောင်နှင့် နိုင်ငံ့ဝန်ထမ်းများမှာ အသက် ၁၈ နှစ် ပြည့်ပြီးသူများဖြစ်၍ သင်တန်းဖွင့်လှစ် သင်ကြားရာ၌ ဥပဒေပညာရပ်များကို သင်ကြားပေးရန် ယမန်နေ့ တွေ့ဆုံမှုတွင် ပြောဆို‌ခဲ့သည်။

ဓာတ်ပုံ-MOI