ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်
တရုတ်၏ဖိအားကြောင့် စစ်ကော်မရှင်တပ်ထံ ပြန်လည်ပေးအပ်လိုက်ရသည့် မိုးကုတ်မြို့တွင် ယနေ့ညနေပိုင်းမှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်ည်။
မိုးကုတ်မြို့ကို TNLA ၏ အကာအကွယ်ဖြင့် ယမန်နေ့ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ဝင်လာသည့် စစ်ကော်မရှင်တပ်သည် မြို့အတွင်းမှ ဆုတ်ခွာ၍ မြို့အပြင်တွင် တပ်စွဲထားသည့် တော်လှန်ရေးတပ်များ ရှိရာဆီသို့ ဝင်ရောက်လာသဖြင့် ပူးပေါင်းတပ်များနှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်ည်။
“မိုးကုတ်မြို့အတွင်းကနေ အကုန်ဆုတ်ခွာပေးထားတဲ့ ပူးပေါင်းတပ်တွေရှိတဲ့ မြို့အပြင်ထိ စစ်တပ်က တိုးတာ။ မြို့ထဲမှာလည်း နေရာယူပြီးတဲ့အပြင်ကို မြို့အနောက်ပိုင်း မြို့အပြင်ထိတိုးတာမှာ တိုက်ပွဲဖြစ်တာ။ အခုညအထိကို ဖြစ်နေတုန်းပဲ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကော်မရှင်တပ်စစ်ကြောင်းသည် မိုးကုတ်မြို့ အနောက်ဘက်မှနေ၍ မိုးမိတ်မြို့ဘက်သို့ ဦး တည်လာသည့် စစ်ကြောင်းဖြစ်သည်ဟု သိရပြီး မြို့ပြင်တွင်ရှိသည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
TNLA တပ်သည် စစ်ကော်မရှင်တပ်ထံသို့ မိုးကုတ်နှင့် မိုးမိတ်မြို့ကို ပြန်လည်လွှဲပြောင်းပေးရန် သဘောတူညီမှုများပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက မြို့ကိုကာကွယ်ရန် အသီးသီးစာထုတ်ပြန်ခဲ့ပြီးနောက် အညာဒေသမှ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ရန် စာများထုတ်ပြန်ခဲ့ကြသည်။
ပြီးခဲ့သည့် နိုဝင်လဘာ ၁၆ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် မိုးကုတ်မြို့ကိုကာကွယ်ရန် ရောက်ရှိနေသည့် TNLA နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် တော်လှန် ရေးတပ်ဖွဲ့များကို TNLA က ဝင်လာမည့်စစ်ကော်မရှင်တပ်ကို အနှောင့်အယှက် အဟန့်အတားမပြုလုပ်ရန်နှင့် မြို့မှဆုတ်ခွာပေးရန် ခေါ်ယူပြောဆိုမှုများရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယင်းသို့ခေါ်ယူပြောဆိုပြီးနောက် စစ်ကော်မရှင်တပ်များသည် ပုံစံမျိုးစုံဖြင့် မြို့အတွင်းသို့ ဝင်ရောက်နေပြီးနောက် နိုဝင်ဘာ ၃၀ ညနေတွင် စစ်ယာဉ်တန်းဖြင့် အင်အား ထောင်ချီဝင်ရောက်လာခြင်းဖြစ်သည်။
လက်ရှိတွင် မိုးကုတ်မြို့ပြင်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေပြီး မိုးမိတ်မြို့အပြင်တွင်လည်း KIA တပ်၊ တော်လှန် ရေးပူးပေါင်းတပ်နှင့် မိုးမိတ်မြို့အတွင်းသို့ ဝင်ရောက်ရန် လာသည့်စစ်ကော်မရှင်တပ်တို့ ယနေ့ညပိုင်းတွင်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
“မိုးကုတ်မှာ ချနေသလို မိုးမိတ်မြို့ပြင်မှာလည်း KIA ပူးပေါင်းတပ်တွေနဲ့ ချနေကြပြီ။ TNLA ထွက်သွားပြီး တဲ့နောက် မြို့ထဲဝင်လာတဲ့စစ်တပ်နဲ့ မြို့ပြင်မှာတွေ့ပြီး ချနေကြတာ”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။